ကောင်းဝါ ဇွန် ၂၉၊ ၂၀၂၃။
ယနေ့ နံနက် (၄) နာရီခွဲအချိန်ခန့်က ရန်ကုန် – မော်လမြိုင်ကားလမ်း သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတား အား စစ်ဆေးရန် သွားရောက်ခဲ့သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအားလက်နက်ကိုင်များမှ ပစ်ခတ်ခဲ့သည့်အတွက် ဝန်ထမ်း ၃၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုများ ရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များ ထံမှ သိရသည်။
KNU/PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၈ နာရီမထိုးခင်မိနစ်ပိုင်းအလိုတွင် Drop Bone (၅)လုံး လာရောက်ကြဲချ တိုက်ခိုက်သဖြင့် မြန်မာစစ်တပ်မှ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး အရာရှိငယ်တစ်ဦးမှလွဲ၍ ကျန်မစိုးရိမ်ရဒဏ်ရာ၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး မစိုးရိမ်ရဒဏ်ရာ၊ ထွေ/အုပ် ( ၂) ဦး အားလုံး မစိုးရိမ်ရ ဒဏ်ရာ မီးသတ် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ၊ ရွှေသံလွင် ဝန်ထမ်း (၂) ဦး ဒဏ်ရာမစိုးရိမ်ရ စုစုပေါင်း ၂၈-ဦး အသီးသီး ဒဏ်ရာရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုအတွင်း သထုံခရိုင်လမ်းဦးစီးမှူးတစ်ဦး သေဆုံးခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိသေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “သထုံခရိုင်လမ်းဦးစီးမှူးက အခင်းဖြစ်တဲ့နေရာမှာဘဲ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးလည်း ယာခြေကျင်းဝတ်နဲ့ ယာဦးခေါင်း မှာ ဒဏ်ရာရထားပြီး သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ တခြားထိခိုက်ဒဏ်ရာသူတွေလည်း ရှိပါသေးတယ်။ တချို့ကို ဆေးရုံတွေကို ပို့ဆောင်နေဆဲပါ” ဟု ပြောကြားသည်။
ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်အတွင်း မော်တော်ယာဉ် (၂) စီးချောင်းအတွင်း ပြုတ်ကျခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
လက်ရှိ ယာဉ်တစ်စီးစာ သွားလာနိုင်သေးသည့် အဆိုပါ ကျုံအိတ်တံတားပေါ် ယာဉ်ငယ်များကိုသာ ဖြတ်သန်းသွားခွင့်ပြုထားပြီး၊ ကုန်တင်ယာဉ်ကြီးများ သွားလာခွင့် ယာယီပိတ်ထားသည်ကြောင်း သိရသည်။
သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်ရှိ အဆိုပါ ကျုံအိတ်တံတားအားမိုင်းခွဲဖျက်ဆီးခဲ့ကြောင်းကို KNU တပ်မဟာ (၁) နယ်မြေခံ KNLA တပ်မှူးတစ်ဦးက People’s Spring သို့ ပြောကြားချက်အရ သိရသည်။