ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ နယ်စပ် ဝင်/ထွက်ပေါက်များအား မြန်မာဘက်မှ ပိတ်ဆို့ထားခြင်းအပေါ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် မြန်မာအလုပ်သမားများနှင့်စျေးသည်များက ယနေ့ ဩဂုတ်လ (၁၇) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်ခန့်က နှစ်နိုင်ငံနယ်စပ်ဂိတ်နေရာတွင် ပိုစတာများကိုင်ဆောင်၍ တောင်းဆိုဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ အခက်အခဲကို စာနာ နားလည်ပေးပါ၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ရရှိရေး-ဖော်ဆောင်ပေး၊ နှစ်နိုင်ငံ နယ်စပ်ဖွံ့ဖြိုးရေး နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနိုင်းပေး၊ ထိုင်းမြန်မာ ချစ်ကြည်ရေး တည်တန့်ခိုင်မြဲပါစေ စသည့် ပိုစတာများ၊ ကြွေးကျော်သံများဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြောင်း ပါဝင်သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
“ဘုရားသုံးဆူမြို့ နယ်စပ်အတက်အဆင်းကို ပိတ်ထားတဲ့အတွက် ကျနော်တို့ အလုပ်သမားတွေ စျေးဝယ်စျေးရောင်း အကုန်လုံးအခက်အခဲတွေနဲ့ ဖြစ်နေကြရပါတယ် အဲဒါကြောင့် ကျနော်တို့ မြန်မာပြည်က အလုပ်သမားတွေနဲ့ စျေးသူစျေးသားတွေအနေနဲ့ အတက်အဆင်းကို အမြန်ဆုံးဖွင့်ပေးဖို့ကို တောင်းဆိုနေကြတာပေါ့၊ ဒေသခံပြည်သူများ၏ အခက်အခဲကို စာနာပေးကြပါလို့ ပိုစတာတွေထောင်ပြီး တောင်းဆိုကြပါတယ်”
ဘုရားသုံးဆူနယ်စပ် ဝင်/ထွက်ပေါက်များကို မြန်မာဘက်မှ ပိတ်ဆို့ထားသဖြင့် မြန်မာတို့ကသာ ဒုက္ခရောက်ရကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံဘက်သို့ နေ့စဥ်သွားရောက် အလုပ်လုပ်ကိုင်ကြမည့် နေ့စားအလုပ်သမားများ၊ ဈေးရောင်းဈေးဝယ်နေကြသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေကြရသည်။
၎င်းက “မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ခြမ်းကို ကျောင်းသွားတက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်းရှိတယ်။ နှစ်ဖက် ဝင်/ထွက်ပေါက်တွေကိုပိတ်ထားတော့ ကလေးတွေကလည်း ကျောင်းသွားလို့မရဘူးဖြစ်နေကြရတယ်” ဟု ဆက်လက်ပြောကြားသည်။
နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာအာဏာပိုင်ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဆန္ဒပြသမားများအား ပြန်လည်ပြောကြားခဲ့သည်။
ယမန်နေ့ ဩဂုတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းကစပြီး မြန်မာဘက်က ဘုရားသုံးဆူနယ်စပ် နှစ်နိုင်ငံဖြစ်ကျော်သွားလာမှုကို တဖက်သပ်ပိတ်ခဲ့ခြင်းဖြစ်သော်လည်း ပိတ်လိုက်ရသည့်အကြောင်းကိစ္စကိုမူ အများသိရှိရန် ထုတ်ပြန်အသိပေးခြင်းမရှိခဲ့ပေ။
Photo- ဂျူးဂျူး ဗိုလ်မ Facebook