သံဖြူဇရပ်အခြေစိုက် အမတ ၃၁၅ အမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရော်ဘာခြံလုပ်သားတစ်ဦးသေဆုံး၍ မိသားစုဝင်(၅) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဩဂုတ်လ (၁၅) ရက်နေ့ ညပိုင်းအချိန်က သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီး ဦးကျော်စိန်ဆိုသူပိုင်ဆိုင်သော ရော်ဘာခြံအတွင်းသို့ စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ မိသားစုဝင်များဖြစ်ကြသော ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက သံဖြူဇရပ် – အနန်းကွင်း – ဘုရားသုံးဆူလမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ မနေ့ညပိုင်းကတော့ ရဲတံခွန်ရွာအနီးက ရော်ဘာခြံထဲမှာ PDF တွေရောက်နေတယ်ဆိုပြီး စစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်တာ ရော်ဘာခြံထဲကလူတွေ ထိခိုက်သေဆုံးကုန်တယ်”
ယင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၅၀) နှစ်အရွယ် ဦးအောင်မြင့်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် (၂) နှစ်အရွယ် မောင်ဝေယံရှိုင်း၊ အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် (၁၆) နှစ်အရွယ် မဝတ်မှုံဇင်၊ အသက် (၃၆) နှစ်အရွယ် မဖြူဖြူဝင်း နှင့် အသက် (၃၂) နှစ်အရွယ် နိုင်လင်းဝေ တို့ (၅) ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြကြောင်း ၎င်းဒေသခံက ဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများမှာ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံ နှင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများအပြင် ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။