လက်ရှိ မြန်မာ့စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်သည့် ပြဿနာသည်လည်း အရှိန်အဟုန်မြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် အခက်အခဲများရင်ဆိုင်နေရသည့်အချိန်၌ အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်၏အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းသတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန် ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အလားတူ နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်းနှင့် ယခုအတိုးနှုန်းပြင်ဆင်ချက်သည် လာမည့် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆိုထားသည်။
ပြီးခဲ့သည့် သြဂုတ် (၁၃) ရက်နေ့က ဈေးကွက်ထဲတွင်လည်း ဒေါ်လာလိုအပ်ချက်များလာသောကြောင့် သမိုင်းတလျှောက် မြန်မာ့ကျပ်ငွေလဲနှုန်းမှာအနိမ့်ဆုံးသို့ ထိုးကျသွားရာ ယနေ့ပြင်ပပေါက်စျေးအရ အမေရိကန် ၁ ဒေါ်လာ ၇၀၀၀ ကျပ်ကျော် ၊ ထိုင်း ၁ ဘတ် ၂၀၀ ကျပ် ကျော်၊ တရုတ် ၁ ယွမ် ၁၀၀၀ ကျပ်ကျော်နှင့် မီးလင်းအခေါက်ရွှေတစ်ကျပ်သား သိန်း ၈၀ အထိ ဈေးပေါက်နေကြောင်း၊ စစ်တပ်အာဏာမသိမ်းခင်က ၁ ဒေါ်လာ ၁၃၀၀ ကျပ်ဝန်းကျင် ၊ ၁ ဘတ် ၅၀ ကျပ်ဝန်းကျင်သာရှိလာခဲ့ပြီး လက်ရှိဈေးဖြင့် နှိုင်းယှဥ်ပါက ဒေါ်လာဈေးမှာ ၅ ဆ ကျော် ၊ ဘတ်ဈေးမှာ ၄ ဆ ဝန်းကျင်ခန့် တက်လာခြင်း ဖြစ်သည်။