ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် PJ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်သူများ ရက်ချိန်းတိုကင်ရယူရန် မလိုတော့ကြောင်း သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ PJ နိုင်ငံကူးလက်မှတ် အသစ် ပြုလုပ်လိုသူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက်ချိန်းတိုကင် ကြိုတင်ရယူရန်မလိုအပ်တော့ဘဲ လူကိုယ်တိုင်လာရောက် ပြုလုပ်နိုင်မည်ဖြစ်သလို ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃၁) ရက်အထိ သက်တမ်းကုန်သူများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က PJ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သူများအား စာအုပ်အသစ်ပြုလုပ်ပေးရန်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂) ရက်မှစတင်၍ စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင် လာရောက်ယူခြင်းကို စီစဉ်ခဲ့သော်လည်း ယခုအခါ ရက်ချိန်းတိုကင်ရယူသူ အရေအတွက်မှာ အလွန်နည်းပါးသွားပြီဖြစ်၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇) ရက် (စနေနေ့) မှစ၍ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သို့ရာတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခြေခံလစာ (၃) လစာ (ခန့်မှန်း ဘတ် ၂၄,၀၀၀) ၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ဘတ် (၆,၀၀၀) ကို သတ်မှတ်ထားသော ဘဏ်မှတဆင့် တရားဝင် လွှဲပြောင်းပေးပို့ထားသည့် အထောက်အထားပြသနိုင်မှသာ PJ ပတ်စပို့သက်တမ်း တိုးပေးမည်ဖြစ်ကြောင်း သိရသည်။