အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရသည့် ဒေသန္တရအမိန့်ကြောင့် ပေါင်မြို့နယ်အတွင်း စစ်တပ်နှင့်ရဲများ အလွန်စားပေါက်ချောင်လည်နေကြသည်ဟု ဆိုသည်။
ယခုလက်ရှိ မိုးရာသီကာလအတွင်း ပေါင်မြို့နယ်ရှိ ရေတံခွန်များသွားသို့ သွားရောက်ကြသူများအနေဖြင့် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးလာသည့်အတွက် စစ်တပ်နှင့်ရဲများဖမ်းဆီးသော်လည်း ငွေပေးပြီးရွေးပါက ပြန်လွှတ်ပေးသဖြင့် စားပေါက်အလွန်ချောင်နေကြောင် ဒေသခံတစ်ဦးက ပြောကြားသည်။
“မော်လမြိုင်မြို့ဘက်ကလာတဲ့ လူတွေ ပေါင်မြို့တို့၊ ဇင်းကျိုက်မြို့တို့၊ ဆင်ရွာဘက်တို့ သွားတဲ့ဆိုကယ်တွေကို အသွားလမ်းမှာ မဖမ်းဘူး။ အပြန်ကျမှဖမ်းတာ။ ဖမ်းမိတာနဲ့ ပိုက်ဆံတောင်းတယ်။ အဖမ်းခံရတဲ့သူတွေက ငါးသောင်းကျပ်မျိုး၊ တစ်သိန်းကျပ်မျိုးပေးရတယ်။ မုတ္တမရဲစခန်းကဆိုရင် အမျိုးသားနှစ်ယောက်စီးတဲ့ ဆိုင်ကယ်တွေကနေ တစ်ရက်ကို ငွေခြောက်သိန်းလောက်ရှာလို့ရနေပြီး စားပေါက်အလွန်ချောင်နေတယ်လို့ ကြားသိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
သို့ရာတွင် ငွေကြေးမပေးနိုင်ပါက ရဲစခန်းတွင် အမှုဖွင့်ပြီး ပေါင်မြို့နယ်တရားရုံးတွင် ဒဏ်ငွေအဖြစ် နှစ်သိန်းငါးသောင်းကျပ်အထိ ပေးဆောင်ရကြောင်း ၎င်းဒေသခံက ဆိုသည်။
၎င်းက “အများစုကတော့ ရဲတွေနဲ့ ညှိပြီး ပိုက်ဆံပေးလိုက်ရင် ပြန်လွတ်လာကြတာများပါတယ်။ အဲ့ဒီတော့ ပေါင်မြို့နယ်ထဲကို လာရင် ဆိုင်ကယ်ကို အမျိုးသားနှစ်ဦး မစီးလာကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် ယခင်လများက ဒေသန္တရအမိန့်ကြောင့် ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရသူ နည်းပါးခဲ့သော်လည်း လက်ရှိ ဩဂုတ်လ (၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဒေသန္တရအမိန့်ကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသည့် အမှုပေါင်း (၂၀) ကျော်ရှိလာကြောင်းလည်း ပေါင်မြို့နယ်တရားရုံး နှင့် နီးစပ်သူများထံမှ သိရသည်။
လက်ရှိ မိုးရာသီကာလများအတွင်း ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန်၊ ခလောက်အင်းရေတံခွန်၊ ဆင်ရွာရေတံခွန်၊ ဘန့်ဘွေးကုန်းစမ်းချောင်း အစရှိသည့်နေရာများသို့ ဒေသခံများအပြင် အခြားဒေသခံများမှ ပြည်သူများ လာရောက်အပန်းဖြေကြလေ့ရှိကြောင်း၊ ရုံးနှင့် ကျောင်းပိတ်ရက်များတွင် ပြည်သူအများအပြား လာရောက်အပန်းဖြေကြလေ့ရှိကြောင်း တွေ့ရှိရသည်။