တရုတ်နိုင်ငံအနေဖြင့် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ယမန်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဥ် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် သြဂုတ် ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မစ္စတာဝမ်ရိက နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားဆောင်ရွက်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး တွန်းအားပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအပေါ် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုရရှိရေး ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု စသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများကို အတူတကွ တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အပြုအမူကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ ပြည်သူ့နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး လက်တွေ့အကျိုးရလဒ်များ ပိုမို ရရှိရေး တွန်းအားပေး ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်ကာလအတွင်း ဝမ်ရိသည် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
Photo- ဆင်ဟွာသတင်း