ယခုအခါ ထိုင်းဘတ် ၅၀၀ ကျပ်ငွေတစ်သိန်းအထိ သမိုင်းတလျှောက်တွင် မြန်မာကျပ်ငွေအနိမ့်ဆုံးသို့ ထိုးဆင်းသွားပြီး မြို့ကြီးများ၌ စက်သုံးဆီဝယ်မရဖြစ်နေကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
ယနေ့တွင် မော်လမြိုင်မြို့အပါအဝင် ရန်ကုန်မြို့ပေါ်တွင်လည်း စက်သုံးဆီဝယ်မရဖြစ်နေကြောင်း၊ ကားသမားအများစုမှာ ဆီဆိုင်ကိုလိုက်ရှာရင်း ဆီဝယ်မရဖြစ်ကာ လမ်းဘေးနေရာများ၌ ကားထိုးရပ်ထားရကြောင်း ရန်ကုန်ရောက် မော်လမြိုင်သားတစ်ဦးက ပြောသည်။
“ကိစ္စတစ်ခုနဲ့ ညက ရန်ကုန်ရောက်လာခဲ့တယ်၊ ဒီမနက် ကားဆီပြန်ဖြည့်ဖို့ ဆီဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ပတ်ရှာတယ်၊ ကားမှာဆီကုန်သွားတယ်ပဲ အဖတ်တင်တယ်၊ ဆီဆိုင်တွေမှာ ဆီလုံးဝမရှိဘူး၊ ဆိုင်တွေ အားလုံး ဆီပြတ်နေတယ်တဲ့”
ရန်ကုန်မြို့ဆိပ်ကမ်းတွင် အိန္ဒိယနိုင်ငံမှ ဆီတင်သဘေႅာများ တန်းစီးပြီးရောက်ရှိနေသော်လည်း စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီဝယ်ရန် နိုင်ငံခြားငွေထုတ်မရောင်းလိုသောကြောင့် ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေရကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။
ဈေးကွက်ထဲတွင်လည်း ဒေါ်လာလိုအပ်ချက်များလာသောကြောင့် သမိုင်းတလျှောက် မြန်မာ့ကျပ်ငွေလဲနှုန်းမှာ အနိမ့်ဆုံးသို့ ထိုးကျသွားရာ ယနေ့ပြင်ပပေါက်စျေးအရ အမေရိကန် ၁ ဒေါ်လာ ၇၀၀၀ ကျပ်ကျော် ၊ ထိုင်း ၁ ဘတ် ၂၀၀ ကျပ် ကျော်၊ တရုတ် ၁ ယွမ် ၁၀၀၀ ကျပ်ကျော် ဈေးပေါက်နေကြောင်း သိရသည်။
စစ်တပ်အာဏာမသိမ်းခင်က ၁ ဒေါ်လာ ၁၃၀၀ ကျပ်ဝန်းကျင် ၊ ၁ ဘတ် ၅၀ ကျပ်ဝန်းကျင်သာရှိလာခဲ့ပြီး လက်ရှိဈေးဖြင့် နှိုင်းယှဥ်ပါက ဒေါ်လာဈေးမှာ ၅ ဆ ကျော် ၊ ဘတ်ဈေးမှာ ၄ ဆ ဝန်းကျင်ခန့် တက်လာခြင်း ဖြစ်သည်။
Photo; Social Media