ရန်ကုန် – မော်လမြိုင် အမှတ် (၈) ပြည်ထောင်စု ကားလမ်းမဘေးရှိ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်၌ ကားတစ်စီးပေါ်မှ ယမန်နေ့ ဩဂုတ်လ (၁၂) ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ငွေကောက်ခံနေသော ကုမ္ပဏီဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ည (၆) နာရီခွဲအချိန်ခန့်က အဆိုပါ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်ဘက်မှ ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်ကို သွားနေတဲ့ ကားတစ်စီးပေါ်ကနေ မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်ကို သေနတ်နဲ့ ပစ်သွားတာလို့ သိရတယ်။ အဲ့ဒီမှာရှိနေကြတဲ့ အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၂) ဦးထိခိုက်ဒဏ်ရာတွေရသွားကြတယ်လို့ သိရတယ်”
အဆိုပါ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ မြို့ဝင်ကြေးကောက်ခံမှု တင်ဒါရရှိထားသည့် မန္တလာမိသားစု ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ကြကြောင်း သိရသည်။
အဆိုပါ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေး ဂိတ်အနီးတွင် စစ်ကောင်စီတပ်၏ လုံခြုံရေးဂိတ်ရှိနေသော်လည်း ပစ်ခတ်ခဲ့သော ကားအား ပြန်လည်ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
Photo-CJ