ကောင်းဝါ ဇွန် ၂၈၊ ၂၀၂၃။
ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ပေါ်တွင် ဇွန်လ (၂၈) ရက် မွန်းလွဲပိုင်း အချိန်ခန့်က အချိန်ကိုက်မိုင်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး နှင့် ပြည်သူတချို့ထိခိုက်မှုရှိခဲ့ကြောင်း မြို့ခံမျာ ထံမှ သိရသည်။
ယနေ့ မွန်းလွဲ (၁) နာရီဝန်းကျင်အချိန်ခန့်က အမှတ် (၁) ရပ်ကွက်၊ ဦးဆန္ဒလမ်းကြားရှိ တပ်မ – ၂၂ ခြံစည်းရိုးအနီးတွင် အချိန်ကိုက်မိုင်းပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးစဉ် Hijet ယာဉ်ပေါ်မှ နောက်ထပ်အချိန်ကိုက်မိုင်းတစ်လုံး ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။
“ဘားအံမြို့က စံမတူထမင်းဆိုင်အကျော် ဦးဆန္ဒလမ်းကြားထဲမှာ ဖြစ်သွားတာ။ ပထမတစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးတွေ လာစစ်တဲ့ အချိန်မှာ Hijet ကားပေါ်ကနေ ထပ်ပြီး ပေါက်ကွဲမှုဖြစ်သွားတာ။ လောလောဆယ် လုံခြုံရေးတပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ထားတယ်လို့ကြားရတယ်။ လမ်းသွားလမ်းလာ ပြည်သူတချို့လည်း ထိခိုက်ကြတယ်လို့ ကြားသိရတယ်။ အတိအကျတော့မသိရသေးဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ Hijet ကားက ပျက်ဆီးသွားတယ်။ အဆောက်အဦးတချို့လည်း ထိခိုက်မှုရှိခဲ့တယ်” ဟု ၎င်းမြို့ခံက ပြောသည်။
လက်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဘားအံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။