ယမန်နေ့တွင် ကျင်းပသော ထိုင်းနိုင်ငံ မွေထိုင်းထိပ်တန်းပြိုင်ပွဲ RWS 24 ပွဲစဉ်အတွင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သား နီဂရိုး ခေါ် Sa Ming Khao က ပြိုင်ဘက်မွေထိုင်းဖိုက်တာကို ပထမအချီမှာပင် အလဲထိုးပြီး အနိုင်ရရှိခဲ့သည်။
ဩဂုတ်(၁၀)ရက်၊ ညနေပိုင်းက ပြိုင်ပွဲစတင်သည့်အချိန်၌ ပြိုင်ပွဲဝင်လက်ဝှေ့သမားနှစ်ဦး၏ နိုင်ငံကိုယ်စားပြုအလံတင်ရာတွင် နီဂရိုးက မွန်အလံတင်ရန် အဆိုပြုခဲ့သော်လည်း မြန်မာနိုင်ငံအလံကိုသာ တင်ခွင့်ပြုမည်ဟု ပွဲစီစဥ်သူက ပြောကြားခဲ့ကြောင်း နီဂရိုးက ပြောသည်။
“အလံတင်ဖို့က မွန်အလံတင်ဖို့ ကျနော်ပြောတယ်၊ အာဆီယံအသင်းဝင်အလံမဟုတ်တော့ တင်လို့မရဘူးတဲ့၊ ဗမာအလံတင်ဖို့ပြောလာတယ်၊ ဗမာအလံကို ကျနော်မတင်ချင်ဘူးလို့ ကျနော်ပြောလိုက်တယ်၊ ဒါကြောင့် ထိုင်းအလံတစ်ခုဘဲ တင်ဖြစ်ခဲ့တယ်”
ဆောက်လုပ်ရေးလုပ်သား ဝတ်စုံဖြင့် နီဂရိုးပွဲထွက်လာသည်ကို မီဒီယာများတွင် ဖော်ပြခဲ့သောကြောင့် ထိုင်းလက်ဝှေ့ ပရိတ်သတ်တို့အကြား ရေပန်းစားလာခဲ့သူ တစ်ဦးဖြစ်သည်။
နီဂရိုးသည် မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ကိုင်ရင်း တဖက်မှာလည်း အသိမိတ်ဆွေများ အားပေးကူညီမှုဖြင့် မိမိဝါသနာပါသော လက်ဝှေ့ပညာကို အပျော်ထမ်းကလပ်တစ်ခုတွင် ဆက်လက်ဆည်းပူးရင်း ထိုင်းနိုင်ငံ မွေထိုင်းထိပ်တန်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ထိုးသတ်ခွင့် ရရှိလာခဲ့သည်။
Photo-RWS-24