မြန်မာ့နိုင်ငံရေးမတည်မငြိမ်မှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလျှက်ရှိရာ ယနေ့ ဩဂုတ်လ (၉) ရက်နေ့ နံနက်ပိုင်းအချိန်က မီးလင်းအခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၇၀ ကျော်လာပြီး ငွေလဲနှုန်းတွင် မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းဘတ် (၆၀၀) ဝန်းကျင်အထိ ထိုးကျသွားကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့တွင် မီးလင်းအခေါက်ရွှေ ကျပ်သိန်း ၆၀၊ မြန်မာငွေကျပ်တစ်သိန်းလျင် ထိုင်း ၇၅၀ ဘတ်ရှိခဲ့ရာမှ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ပြီး ယနေ့တွင် မီးလင်းအခေါက်ရွှေစျေး ၇၁ သိန်းကျော်၊ ကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် (၆၀၀) ဝန်းကျင်သာရှိတော့ကြောင်း မြဝတီမြို့မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
“ပုံမှန်ဆိုရင်လည်း ဩဂုတ်လက ဘတ်ဈေးအတက်ဆုံးကာလဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေနဲ့ ဘတ်ဈေးတက်တဲ့ကာလနဲ့ ဆုံသွားတော့ ကျပ်ငွေတန်ဖိုးက ပိုပြီးတော့ ကျလာတာဖြစ်ပါတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ မကြာခင် မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် (၆၀၀) အောက်ကို ရောက်သွားနိုင်ပါတယ်”
ထိုသို့ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေသည့်အတွက်ကြောင့် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတချို့မှာ လုပ်ငန်းများရပ်ဆိုင်းထားရကြောင်းလည်း ၎င်းကဆိုသည်။
ထိုအခြေအနေများကြောင့်လည်း ထိုင်း – မြန်မာနယ်စပ်မြို့များတွင် မြန်မာကျပ်ငွေအစား ထိုင်းဘတ်ငွေကိုသာ ပြောင်းလဲ သုံးစွဲလာကြကြောင်းလည်း ယင်းဒေသနေ ပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
“လတ်တလောမှာက မြန်မာကျပ်ငွေကို အများကြီး မကိုင်ထားကြတော့ဘူး။ အတော်များများက ဘတ်ငွေဘဲ ကိုင်ထားကြတာများတယ်။ ကျပ်ငွေကိုင်ထားရင် ငွေတန်ဖိုးက အရမ်းကျနေတော့ ဆုံးရှုံးမှုတွေဖြစ်ကြရတဲ့အတွက်ကြောင့်ပါ” ဟု ဘုရားသုံးဆူမြို့ခံ ပြည်သူတစ်ဦးက ပြောကြားသည်။
“လက်ရှိသုံးဆူမှာက နေရာအတော်များများမှာ ထိုင်းဘတ်ဘဲ သုံးကြတော့တယ်။ မြန်မာကျပ်ငွေကို သိပ်မသုံးကြတော့ဘူး။ တချို့နေရာတွေမှာ မြန်မာကျပ်ငွေနဲ့ရှင်းမယ်ဆိုရင် ငွေပေါက်ဈေးထက်ပိုပေးရတာမျိုးတွေရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင်လည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေသည့်အတွက်ကြောင့် ထိုင်းဘတ်ဈေးအပြင်၊ အမေရိကန်တစ်ဒေါ်လာလျင် မြန်မာငွေကျပ် ၆၀၀၀ ဝန်းကျင်အထိ ရောက်ရှိလာကြောင်း Online ငွေလဲနှုန်းသတင်းများက ဖော်ပြနေသည်။