ကောင်းဝါ -ဇွန် ၂၇၊ ၂၀၂၃။
ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်လမ်းဝနှင့် ကနင်ကမော့အကြား အမှတ် (၈) အဝေးပြေးကားလမ်းမပေါ်နှင့် အနီးတဝိုက်ရွာများတွင် မြန်မာစစ်တပ်နှင့် KNU/PDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ရတခမှ MI-35 စစ်ရဟတ်ယာဥ်ဖြင့် ပစ်ကူပေးခဲ့ရကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၆ ရက် ညနေပိုင်းတွင် နှစ်ကရင်ရွာအရှေ့ဖက်တောင်ခြေရှိ ဘုရားကုန်းရွာသို့ မြန်မာစစ်တပ်မှ စစ်ကြောင်းဝင်ရောက်လာပြီး KNU/PDF ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုစတင် ဖြစ်ပေါ်ခဲ့ကြောင်း၊ နောက်တစ်နေ့နံနက်စောစောတွင် အမှတ် (၈) ကားလမ်းမအတိုင်း အဆိုပါမြန်မာတပ်ဖွဲ့စစ်ကြောင်း ခြေလျင်ခရီးချီလာရာ အောင်သာယာနှင့် ကနင်ကမော့ရွာအကြားတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် စစ်ရဟတ်ယာဥ်တစ်စီးရောက်ရှိလာပြီး ရွာနှစ်ရွာအကြားရှိ တာဝါတိုင်အနီး စက်သေနတ်ဖြင့်ပစ်ကူပေးခဲ့ကြောင်း ဒေသခံခြံသမားများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
“စစ်ရဟတ်ယာဥ်ရောက်မလာမီ ၃၁၇ အမြှောက်တပ်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့ လှမ်းလှမ်းထုနေတာပဲ၊ စစ်တပ်က အောင်သာယာကနေ မော့ကနင်ဘက်ကို ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာတယ်၊ ကနင်ကမော့မရောက်ခင်မှာ ကရင် PDF တပ်ဖွဲ့တွေရဲ့ ဝိုင်းပိတ်ပစ်ခတ်တာကိုခံလိုက်ရမယ်ထင်တယ် အမြှောက်တပ်ကလည်း လက်နက်ကြီးနဲ့လှမ်းထုတာ ရာဘာခြံတွေမှာ ဗုံးသီးကျတယ် ၁၀ လုံးထက်မနည်း၊ ကျနော်တို့ခြံသမားတွေ ကမန်းကတမ်းအိမ်ပြေးပြန်လာရတယ်၊ နောက်တော့ စစ်ရဟတ်ယာဥ်ရောက်လာတယ် စက်သေနတ်နဲ့လိုက်ပြီးပစ်တာပါပဲ”ဟု ခြံသမားတစ်ဦးက ပြောသည်။
စစ်ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် အမှတ် (၈) ကားလမ်းမဘေး အနီးတဝိုက်ရွာ မှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
သို့ရာတွင် တိုက်ပွဲဖြစ်စဥ်များအတွင်း KNU/PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့၏ နှစ်ဖက်ထိခိုက်သေဆုံးဒဏ်ရာရရှိမှု အခြေအနေကို မသိရပေ။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့လယ်ပိုင်း နှစ်ကရင်ရဲစခန်း တိုက်ပွဲ၌ Mi-35 စစ်ရဟတ်ယာဥ်ရောက်ရှိလာချိန်တွင် လာရောက်ပစ်ခတ်သော KNU/PDF ပူးပေါင်းတပ်ဖွဲ့များ အချိန်တစ်နာရီခန့်စော၍ လုံခြုံသည့်နေရာသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ယင်းသို့ ပြန်လည်ဆုတ်ခွာသွားသော ပူးပေါင်းတပ်ဖွဲ့နောက်သို့ အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ မြန်မာတပ်ဖွဲ့စစ်ကြောင်း နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည်ဟု စစ်ကောင်စီ အာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။