မြန်မာနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်ရှိ ထောင်ဖာပွန်-စံခလပူရီ အမှတ် 323 လမ်းမပေါ်၌ သောကြာ-စနေ-တနင်္ဂနွေနေ့အပါအဝင် အစိုးရရုံးပိတ်ရက်များတွင် ၁၈ ဘီးထရပ်ကားများ မောင်းနှင်ခြင်းမပြုရန် ထိုင်းအာဏာပိုင် တားမြစ်ထားကြောင်း သိရသည်။
ယခုလပိုင်းအတွင်း ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ဂိတ်မှတဆင့် ထိုင်းမြန်မာနှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ အပြန်အလှန်တင်သွင်းလာကြသဖြင့် ကီလိုမီတာ ၁၀၀ ခန့်ဝေးကွာသော ထောင်ဖာပွန်-စံခလပူရီကို ဆက်သွယ်ထားသော အမှတ် 323 လမ်းမပေါ်၌ ရာနှင့်ချီသော ကုန်တင်ကားများ နေ့စဥ် ၂၄ နာရီပတ်လုံး ဖြတ်သန်းသွားလာနေရသောကြောင့် ယဥ်ကြောပိတ်ဆို့မှုနှင့်အတူ ယာဥ်မတော်မဆမှုများ ပိုမိုဖြစ်ပေါ်လာခဲ့သည်။
စံခလပူရီမြို့ခံတစ်ဦးက “ ထောင်ဖာပွန်-စံခလပူရီ အမှတ် 323 မော်တော်ကားလမ်းက နှစ်လမ်းသွား တောင်ပေါ်လမ်းကျဥ်းလေး ဖြစ်တယ်၊ ကုန်တင်ကားကြီးတွေ သွားလာလို့ သိပ်အဆင်မပြေလောက်ဘူး၊ အကွေ့အကောက် ချောက်တွေအများကြီးရှိတယ်၊ အထူးသဖြင့် အစိုးရရုံးပိတ်ရက်တွေမှာဆိုရင် ခရီးသွားတွေက စံခလပူရီကို အမြဲမပြတ် လာလည်ကြတယ်၊ ခရီးသွားတွေ အန္တရယ်ဖြစ်မှာစိုးလို့ အာဏာပိုင် ဒီလိုကန့်သပ်လိုက်ရတာလို့ ယူဆရတယ်”ဟု ပြောသည်။
ထိုင်းမြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မြဝတီအာရှလမ်းမှ ယခုအခါ မော်တော်ယာဥ်များသွားလာ၍ မရတော့ကြောင်း၊ ထို့ကြောင့် ထိုင်းနယ်စပ် စံခလပူရီမြို့နယ်အတွင်းရှိ ဘုရားသုံးဆူနယ်စပ် ဖြတ်ကျော်ဂိတ်မှတဆင့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းများကို အပြန်အလှန်တင်သွင်း ပေးပို့လာကြောင်း တွေ့ရသည်။
ထိုင်းအာဏာပိုင်တို့အနေဖြင့် ဘုရားသုံးဆူနယ်စပ်ဂိတ်ကို အဆင့်မြှင့်တင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ထပ်မံဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။