■ ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်ဖြင့် နှစ်လအတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် (၁၂၁,၂၈၅) စစ်ဆေးခံခဲ့ရပြီး ၄င်းအနက် ၇၂၄ ဦး အရေးယူခံထားရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန် ၅ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၅၇ ရက်အတွင်း အလုပ်ရုံ၊ စက်ရုံတွေအပါအဝင် လုပ်ငန်းခွင် တစ်သောင်းကျော်၌ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက သြဂုတ် ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအရေးယူခံထားရသော အလုပ်သမား ၇၀၀ ကျော်အနေဖြင့် ပြစ်ဒဏ်အသီးသီးကျခံပြီးပါက ပြည်တွင်းပြန်ပို့ခံရမည်ဖြစ်သောကြောင့် စိုးရိမ်စရာဖြစ်ရကြောင်း အလုပ်သမားအရေး လှုပ်ရှားနေသူတစ်ဦးက ပြောသည်။
“အခုဖမ်းဆီးထားတဲ့ တစ်သိန်းကျော်ထဲက ခုနစ်ရာကျော်ကို အရေးယူပြီးမယ်ဆိုရင်တော့ သူတို့ကို မြန်မာနိုင်ငံနေရပ်ကိုပြန်ပို့ရင် နေရပ်ရောက်တဲ့အခါ သူတို့ ဘယ်လိုဖြစ်သွားမယ်၊ လူ့အခွင့်အရေး ဘယ်လိုချိုးဖောက်ခံရမယ်ဆိုတာ ထိုင်းတို့က လုံးဝ ထည့်တွက်မှာမဟုတ်ဘူး။ အရေးကြီးတာက သူတို့အတွက် အမျိုးသား လုံခြုံရေးမူဝါဒပေါ့နော်။ အဖမ်းခံရတဲ့ မြန်မာတွေထဲမှာ အရွယ်ကောင်းလူငယ်တွေ ပါနိုင်တယ်။ မြန်မာနိုင်ငံက ကျဥ်းမြောင်းကျပ်တည်းလှတဲ့ စစ်မှုထမ်းဥပဒေရဲ့ စံနှုန်းစံထားထဲမှာ စစ်သားစုဆောင်းတဲ့ ပုံစံထဲမှာ သွားပြီးဘောင်ဝင်နေတဲ့သူ ပါနိုင်တယ်”
မြန်မာပြည်တွင်း စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းနေမှု အထွေထွေအကျပ်အတည်းမျိုးစုံ ဖြစ်ပေါ်နေသည့်ကြားမှာပင် စစ်မှုမထမ်းမနေရ ဥပဒေတွေကြောင့် မြန်မာလူငယ်အများအပြားမှာ ထိုင်းနိုင်ငံထဲသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ပြေးခိုလှုံလာခြင်း ဖြစ်သည်။
ဆက်လက်၍ ၄င်းက “ထိုင်းဥပဒေအရ နိုင်ငံခိုးဝင်မှုတစ်ခုတည်းဆိုရင် သုံးလ ထောင်ကျခံရမှာ။ ခိုးဝင်လာတာကို ဝန်ခံလိုက်ပြီဆိုရင် တစ်ဝက်လျှော့ချပေးပြီး ၄၅ ရက်ပဲချမှာ။ ဒါမှမဟုတ် ငွေဒဏ်ဆိုရင် တစ်ရက် ဘတ်ငါးရာနှုန်းနဲ့ ဆောင်ရမှာ ဖြစ်တယ်”
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော် (၁၆၂,၁၃၀ ) ကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးခဲ့ရာတွင် မြန်မာအလုပ်သမား (၇၂၄) ဦး၊ လာအိုနိုင်ငံသား (၁၆၂) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၉၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၂ ဦးနှင့် အခြားနိုင်ငံမှ အလုပ်သမား ၈၁ ဦးကို စီမံချက်အရ အရေးယူထားခဲ့ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော်ရှိနေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသောအဖွဲ့အစည်းများက ပြောသည်။