ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) အား MNDAA, TNLA နှင့် MDY – PDF ပူးပေါင်းအဖွဲ့များမှ အောင်မြင်စွာသိမ်းပိုက်နိုင်ခြင်းအပေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO), ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တို့မှ သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း ဩဂုတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဦးဆောင်သည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY – PDF) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၏ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) အား (၂၀၂၄) ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခြင်း အပါအဝင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းလုံးများ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နိုင်ခြင်းအပေါ် ညီနောင်တော်လှန်ရေးအဖွဲ့များဖြစ်သော PNLO, PNFC နှင့် NMSP – AD တို့က ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသးလူမျိုးပေါင်းစုံ ပြည်ထောင်စုသွေးချင်းများကလည်း သောင်းသောင်းဖြဖြ ကြိုဆိုနေကြပါကြောင်း သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
MNTJP/MNDAA, PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် (၃) ဖွဲ့၏ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူးကြေငြာချက်များနှင့်အညီ ပြည်ထောင်စုတဝှမ်းလုံးရှိ တောင်ပေါ်မြေပြန့်အသီးသီးတွင် ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏ အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး လူထုကို ရန်သူအဖြစ် သတ်မှတ်စစ်ဆင်နေသော စစ်အုပ်စု၏ ရှုံးနိမ့်မှုများကိုလည်း ပီပီပြင်ပြင်တွေ့မြင်နေရပြီးဖြစ်ပါကြောင်း သဝဏ်လွှာတွင်ဖေါ်ပြထားချက်အရ သိရသည်။
မိမိတို့အနေဖြင့်လည်း “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်” ဟု ခံယူထားသည်နှင့်အညီ သူ့အရေးကိုယ့်အရေး အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်း တိုက်ပွဲဝင်ကြလျက်ရှိပါကြောင်းလည်း ယင်း သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားသော စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့် အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင်သွားမည် ဖြစ်ပါကြာင်း ဖေါ်ပြလျက် ဤသဝဏ်လွှာကို ဂုဏ်ပြုပေးပို့အပ်ပါသည်ဟု PNLO, PNFC နှင့် NMSP (AD) တို့မှ သဝဏ်လွှာတွင် ဖေါ်ပြပါရှိသည်။