ကောင်းဝါ ဇွန် ၂၈၊ ၂၀၂၃။
ရေးမြို့နယ် ကလော့ကျေးရွာ ရေး – ထားဝယ် ကားလမ်း ပေ (၄၀) တံတားအနီးတွင် ဇွန်လ (၂၈) ရက် နံနက် (၉) နာရီခွဲ အချိန်ခန့်က ခရီးသွား အိမ်စီးကားတစ်စီး ပစ်ခတ်ခံရသည့်အတွက် (၁) နှစ်ခွဲကလေးငယ်တစ်ဦး၊ အမျိုးသမီး နှစ်ဦး နှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ကလော့ကြီးရွာသားတစ်ဦးလည်း အလားတူပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ခရီးသွား အိမ်စီးကား မှာ အမျိုးသမီးတစ်ဦးမောင်းနှင်လာခြင်းဖြစ်ကြောင်း နှင့် ကလော့လမ်းဝ ပေ (၄၀) တံတားအနီးတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး က ပြောသည်။
“ကားက ရန်ကုန်ကနေ ထားဝယ်ဘက်ကိုသွားနေတဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့ သိရတယ်။ ယာဉ်မောင်းအမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုသို့ ခရီးသွား အိမ်စီးကား ပစ်ခတ်ခံရသည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးပေးခဲ့ကြောင်း နှင့် ဒဏ်ရာပြင်းထန်သည့် ယာဉ်မောင်းအမျိုးသမီး အား ရေးခရိုင်ပြည်သူ့ဆေးရုံကြီးမှ တဆင့် ရန်ကုန်သို့ အရေးပေါ်ကူညီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
အလားတူ ကလော့ကြီးကျေးရွာ ခြံတစ်ခြံတွင် နေထိုင်သော နိုင်အဗလွဲ ဆိုသူမှာလည်း ယနေ့နံနက်စောစောတွင် အမည်မသိလူတစ်ဦး၏ သေနတ်ရှည်ဖြင့် ၂ ချက် ချောင်းမြောင်းပစ်ခတ်ခံထိပြီး ဒဏ်ရာပြင်းထန်သဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ကြောင်း ကလော့ရွာသားတစ်ဦးက ပြောသည်။
ထို့အတူ ကလော့ကြီးကျေးရွာတွင် အမှတ်(၁၉)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ကင်းလှည့်စစ်ကားကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရေးဘီလူးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း လူမှုကွန်ယက်အချို့တွင် ရေးသားဖော်ပြသည်။