ယခုအခါ ကုန်စျေးနှုန်းမြင့်မားနေပြီး စားဝတ်နေရေးအခက်အခဲကြောင့် လက်ရှိဖွင့်လှစ်နေသော ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် အငှားလိုက်၍ အစားထိုးတက်ရောက်ပေးသူများပြားလာကြောင်း သိရသည်။
ဆင့်ခေါ်ခံရသော စစ်မှုထမ်းတစ်ဦးအတွက် အစားထိုးပေးမည့်သူ၏ လက်ရှိပေါက်စျေးမှာ ကျပ် သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိ ဖြစ်ပေါ်နေသောကြောင့် အလုပ်အကိုင်လက်မဲ့ဖြစ်နေကြသော အိမ်ထောင်သည်အမျိုးသား အများအပြား အငှားလိုက်၍ စစ်မှုထမ်းလာကြောင်း သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်တစ်ခုမှ ဆယ်အိမ်ခေါင်းတစ်ဦးက ပြောသည်။
“ကုန်စျေးနှုန်းတွေ အရမ်းတက်နေပြီ၊ အခုအပတ်မှာ စစ်မှုထမ်း အစားထိုးဖို့ လူရှာရတာ သိပ်မခက်တော့ဘူး၊ ညှိနှိုင်းစျေးပေါ့ ပွဲစားတွေလည်းရှိပါတယ် လူတစ်ယောက်အတွက် အနည်းဆုံး သိန်း ၃၀ ပေးရတယ်၊ ကျနော်တို့ဆီမှာ လူယူဦးမလား လာစပ်ကြတယ်၊ ကျနော်တို့ရပ်ကွက်အတွက် အခုအပတ်စဥ် (၄) မှာ ၂ ယောက်ပဲလိုတယ်၊ အစားထိုးဖို့ လူရသွားပါပြီ”
အဆိုပါ စစ်မှုထမ်းအငှားလိုက်ဖို့အတွက် ပေးရသောကုန်ကျငွေများကို ရပ်ကွက်မှ လိုအပ်သလောက် အချိုးကျ ပြန်လည်ကောက်ခံပေးရသည်ဟု ၄င်းက ဆိုသည်။
ထို့ပြင် ပငကျေးရွာ အနောက်ပိုင်းမှ အလုပ်လက်မဲ့ဖြစ်နေသော အိမ်ထောင်သည် ၆ ဦးတို့သည်လည်း မိသားစုကို ငွေကြေးထောက်ပံ့နိုင်ရန် ယခုအပတ်တွင် စစ်မှုထမ်းအငှားလိုက်သွားသည်ဟု ရွာသားတစ်ဦးက ပြောသည်။
“အနောက်ပိုင်းက ၆ ယောက် ဒီအပတ် စစ်မှုထမ်းအငှားလိုက်သွားကြတယ်၊ ထိုင်းကိုသွားဖို့ သူတို့မှာငွေလည်းမရှိ ရွာမှာကလည်း အလုပ်မကောင်း၊ ဝင်ငွေလည်းမရှိ အလုပ်လက်မဲ့ဖြစ်နေတာကြာပြီဆိုတော့ ပွဲစားတွေ့တာနဲ့ စစ်မှုထမ်း အငှားလိုက်သွားကြတယ်၊ သိန်း ၄၀ လား၊ ၅၀ လားဆိုလား ဘယ်လောက်ရမှန်း မသိပါဘူး” ဟု ၄င်းက ပြောသည်။
ယနေ့ သြဂုတ်လ ၅ ရက်၊ နံနက် ၈ နာရီ အချိန်တွင် ဝဲကလီအခြေစိုက် အမှတ်(၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် အစိုးရအဖွဲဝင်များ၊ ရတခတိုင်းဦးစီးချုပ်၊ သံဖြူဇရပ်တပ်နယ််မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးနှင့် အရာရှိများ၊ သံဖြူဇရပ််မြိုနယ်အုပ်ချုပ်ရေးအဖွဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ စုစုပေါင်း အင်အား(၃၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှ ရေးသားဖော်ပြခဲ့သည်။