ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ကိုးကန့်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုင်းမှူးနှင့် အရာရှိကြီးများကို ဖမ်းဆီးထားကြောင်း အတည်ပြုနိုင်ခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ MNDAA ၏ ဖမ်းဆီးခြင်း ခံရထားရပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားသည်။
အဖမ်းဆီးခံရသူများတွင် ရမခတိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့အပါအဝင် အရာရှိအများအပြားကို MNDAA က ဖမ်းဆီးထားကြောင်း သိရသည်။
ထို့အတူ လားရှိုးမြို့တိုက်ပွဲ တစ်လပြည့်မြောက်သည့် ဩဂုတ်လ ၃ ရက် ညနေပိုင်း၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်စခန်းရုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များအပါအဝင် စုစုပေါင်း ၃၀၀၀ ကျော် ဖမ်းဆီးရမိထားကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က သတင်းဌာနများသို့ အတည်ပြုပြောကြားခဲ့သည်။
နေဝန်းနီ အမှတ်တံဆိပ်ဖြင့် တွဲလျက် လူသိများခဲ့သော အကြီးဆုံးတိုင်းစစ်ဌာနချုပ်ကြီးတစ်ခု ပထမဆုံး သိမ်းပိုက်ခံရခြင်းဖြစ်ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဗိုလ်ချုပ်အေးကို စတင်ဖွဲ့စည်းခဲ့ရာတွင် သက်တမ်း ၅၂ နှစ် ရှိလာပြီဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
ဓါတ်ပုံ- ရွှေဖီမြေသတင်းအေဂျင်စီ