မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ကို သယ်ဆောင်လာသည့် အင်တာနက် Wi-Fi Router ၇၅၀ ခုကို ယမန်နေ့က ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
စံခလပူရီမြို့နှင့် ဘုရားသုံးဆူမြို့အကြား နန်းပကိတ်အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ အဖြူရောင် Ford ကားတစ်စီးဖြင့် သယ်ဆောင်လာသော အင်တာနက် Wi-Fi Router များ၊ Notebook ကွန်ပျူတာတစ်လုံးနှင့် မိုဘိုင်းဖုန်းတို့ကို သြဂုတ် (၄) ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း ကန်ချနပူရီသတင်း အွန်လိုင်းစာမျက်နှာက ဖော်ပြသည်။
အကောက်ခွန်ရှင်းလင်းခြင်းမရှိဘဲ အဆိုပါကုန်ပစ္စည်းများကို နိုင်ငံပြင်ပသို့ သယ်ဆောင်ရန် ကြိုးပမ်းခဲ့သည်ဟု ထိုင်းအာဏာပိုင်တို့က အမှုစွပ်စွဲလိုက်ပြီး Notebook computer တစ်လုံး၊ F680 Wi-Fi Router (၃၀၀) ခု။ F600w Wi-Fi Router (၄၅၀) ခု၊ Redmi မိုဘိုင်းဖုန်းနှင့် FORD ကားတစ်စီးတို့ကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။
အဆိုပါပစ္စည်းများမှာ အွန်လိုင်းကာစီနိုလောင်းကစားများနှင့် ပတ်သက်ဆက်နွယ်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ရန် အသုံးပြုသည့် ပစ္စည်းများမှ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း ထိုင်းအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ကျားဖြန့် တရုတ်ငွေလိမ်လုပ်ငန်းများ ယခုအခါရောက်ရှိလာသဖြင့် ထိုင်းအာဏာပိုင်တို့က နယ်စပ်လုံခြုံရေးကို စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်၊ အကောက်ခွန်၊ လဝကနှင့် ဌာနပေါင်းစုံပူးပေါင်း၍ လက်ရှိတွင် အထူးတင်းကြပ်လျှက်ရှိသည်။
Photo; ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี