ကောင်းဝါ-ဇွန် ၂၈၊ ၂၀၂၃။
Pact Myanmar အသေးစားချေးငွေလုပ်ငန်းကို ယခုဇွန်လကုန်တွင် ပိတ်သိမ်း၍ အသင်းသားများထံ ချေးငွေလက်ကျန်ရှိနေပါက ပြန်လည်ကောက်ခံခြင်းမပြုတော့ဘဲ လျှော်ပစ်မည်ဖြစ်ကြောင်း ဇွန်လ(၂၆)ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
အသင်းသားများအနေဖြင့် ကျန်ရှိနေသည့် ချေးငွေလက်ကျန်ပမာဏကို Pact Myanmar အပါအဝင် အခြားမည်သူမဆို လာရောက်တောင်းခံပါက ပေးဆောင်ရန် လုံးဝမလိုကြောင်း အသိပေးပြောဆိုထားသည်။
ISP Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက “Pact Global Microfinance Fund ( PGMF) မြန်မာတွေ သိများကြတာက Pact Myanmar မြန်မာနိုင်ငံက ထွက်ခွာတော့မယ့်အကြောင်း သတင်းတွေ့ရတယ်။ သူ့ရဲ့ အဓိက ရန်ပုံငွေထောက်ပံ့သူက USAID ဖြစ်တော့ကာ ဆန်ရှင်မူဝါဒ တွေကြောင့်လည်း ဖြစ်နိုင်သလို၊ အသင်းအဖွဲ့ မှတ်ပုံတင်ရေး ခက်ခဲလွန်းလို့ ဆိုတာမျိုးလည်း ပြောသံကြားရပါတယ်။ လူ ၄,၀၀၀ လောက်တော့ အလုပ်အကိုင် မဲ့သွားနိုင်ပါတယ်” ဟု ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။
အမေရိကန်အခြေစိုက် အသေးစားချေးငွေလုပ်ငန်းဖြစ်သည့် Pact Myanmar သည် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့အစည်းအဖြစ်မှ ဆက်လက်မှတ်ပုံတင်ရန် မဖြစ်နိုင်တော့ကြောင်း၊ မှတ်ပုံတင်နိုင်ခြင်းမရှိပါက တရားမဝင် လုပ်ငန်းဖြစ်မည်ဖြစ်သောကြောင့် အခြားရွေးချယ်စရာနည်းလမ်းမရှိတော့ဘဲ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ငွေရေးကြေးရေးလုပ်ငန်းကို ပိတ်သိမ်းရန် စီစဥ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Pact Myanmar သည် အမေရိကန်နိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းဖြစ်ကာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပနိုင်ငံ (၂၅) နိုင်ငံတို့၌ ကျေးလက်ရှိ အခြေခံပြည်သူများအား ငွေချေးပေးခြင်းလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ရုံးခန်းစတင်ဖွင့်လှစ်ကာ နိုင်ငံအနှံ့ ဝန်ထမ်းပေါင်း ၄,ဝဝဝ ရှိကြောင်း သိရသည်။