ယနေ့ မနက်အစောပိုင်းအချိန်က မိုင်းခွဲဖျက်စီးခံထားရသည့် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလောတယ် တံတားတစ်ခြမ်းအားယာယီမြေဖို့ပြုပြင်ပြီးနောက် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနေကြပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကားတွေကို ဟိုဖက်ဒီဖက်တစ်လှည့်စီ ပေးဖြတ်နေတယ်။ ကျန်တဲ့တံတားတစ်ခြမ်းကိုလည် အမြန်ဆုံးပြုပြင်သွားမယ်လို့ လမ်းတာဝန်ရှိသူတွေက ပြောကြပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားငယ်တစ်စင်းမှာ ယနေ့ ဩဂုတ်လ (၂) ရက်နေ့ နံနက်အစောပိုင်းအချိန်က KNU/PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များက ရေးသားထားသည်။
ရန်ကုန် – မော်လမြိုင် ကားလမ်းမ မိုင်တိုင်အမှတ် (၁၃၃/၆) နှင့် (၁၃၃/၇) ကြားရှိ အဆိုပါတံတားငယ်မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း နှင့် အကျယ် (၁၀) ပေခန့် အရှည် ပေ (၅၀) ခန့်ရှိ တံတားတစ်စင်းလုံးပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းပါက်ကွဲမှုကြောင့် တံတားငယ်တစ်စင်းအပြင် ယင်းတံတားငယ်အနီးရှိ လျှပ်စစ်မီးတိုင်တချို့ပါ ထိခိုက်ပျက်ဆီးခဲ့သည့်အတွက် ဘီးလင်းမြို့နယ်ဘက်သို့ သွယ်တန်းထားသည့် 33 KV ဓါတ်အားလိုင်းနှင့် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုအတွင်းသို့ သွယ်တန်းထားသည့် 11 KV လျှပ်စစ်ဓါတ်အားလိုင်းများလည်း ပျက်စီးခဲ့သည်။