ကျိုက်မရောမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများ၌ အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြသည်။
အတ္ထရံမြစ်ကမ်းဘေးတွင်တည်ရှိသော ကျေးရွာများဖြစ်ကြသည့် ချောင်းနှစ်ခွ၊ ဖာသိမ်ကမ်းနား၊ ဦးလေး၊ ငါးပြေမ၊ စံပယ်ဂူ၊ နိတုံ၊ မယ်ဂရို၊ ကွာငန်း၊ ပေါလောကုန်း၊ လမုခို နှင့် ကျိုက်မရောမြို့ပေါ်ရှိ မြစ်ကမ်းနားအပိုင်းများ အစရှိသည့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်မှာ ရက်သတ္တတစ်ပါတ်ခန့်ရှိနေပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ရွာတွေမှာက အိမ်တွေက ခြေတံရှည်အိမ်တွေများတော့ အိမ်မကြီးပေါ်ကိုတော့ ရေမတင်ကြသေးဘူး။ ဒါပေမယ့် ရွာတွေတော့ မြှုပ်နေတယ်။ လတ်တလောမှာ ရေသန့်နဲ့ အစားအစာတွေရယ်၊ ရေမြှုပ်ချိန်ကြာလာတော့ ဆေးဝါးတွေရယ် လိုအပ်ချက်တွေရှိနေပါတယ်”
ကျိုက်မရောမြို့ပေါ်ရပ်ကွက် အတော်များများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အလှူရှင်များနှင့် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ရေသန့်၊ အစားအစာများ လိုက်လံလှူဒါန်းပေးနေကြောင်း ကျိုက်မရောမြို့ခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လက်ရှိမှာ ရေကြီးရေလျှံမှုနဲ့အတူ မြွေတွေကလည်း ရေလွတ်ရာကို သွားလာရင်းနဲ့ အိမ်တွေပေါ်ကို တက်နေတာမျိုးတွေအများကြီးဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့က ရေဘေးအပြင်မြေအန္တရာယ်ကိုလည်း ဂရုပြုကြဖို့နဲ့ မြွေတွေ့ရင်လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန (ကျိုက်မရော) နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးကြောင်းကြားပေးဖို့ တိုက်တွန်းလိုပါတယ်”
အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၅) ကျောင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။
ဘုရားသုံးဆူဒေသ ထိုင်းနယ်စပ်မှ မြစ်ဖျားခံစီးဆင်းလာသည့် ဇမိမြစ်ရေမှာ အတ္တရံမြစ်အတွင်းသို့ စီးဝင်သွားပြီး သံလွင်မြစ်သို့ ဆက်လက်စီးဆင်နေကြောင်း၊ အကယ်၍ ဘဂႅလားပင်လယ်အော်သို့ သံလွင်မြစ်ရေ မစီးဆင်းပါက ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။
Photo Credit – CJ