ကောင်းဝါ ဇွန်-၂၇၊ ၂၀၂၃။
တနသႅာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန် ကားလမ်းပေါ် သောကြာပြင်ကျေးရွာလမ်းဆုံတွင် ယနေ့ (ဇွန်လ-၂၇) နံနက် အစောပိုင်းက သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူမှာ အသက် (၃၆) နှစ်အရွယ်ခန့်ရှိသည့် ဦးကျော်မျိုးထိုက် ဆိုသူဖြစ် ကြောင်း နှင့် ၎င်းမှာ ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဦးကျော်မျိုးထိုက် မှာ ဦးခေါင်းကျည်ဆံဖောက်ဝင် ဒဏ်ရာ နဲ့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကားလမ်းဘေးတွင် သေဆုံးနေတာ တွေ့ရတယ်” ဟု ၎င်း ဒေသခံက ဆက်လက်ပြောသည်။
ဦးကျော်မျိုးထိုက် အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်ကာ အလောင်းအား လာရောက်စွန့်ပစ်သွားသည်ကို မသိရသေးပေ။
သေဆုံးသူ ဦးကျော်မျိုးထိုက်၏ ကိုယ်ပေါ်တွင် ဆိုင်ကယ်တက္ကစီသမားများ ဝတ်ဆင်သည့် အင်္ကျီ အား ဝတ်ဆင်ထားကြောင်း နှင့် ၎င်းအင်္ကျီမှာလည်း သက်ဆိုင်ရာ ဆိုင်ကယ်တက္ကစီအသင်းအဖွဲ့မှ ထုတ်ပေးထားသည့် အမှတ်တံဆိပ်ပါ အင်္ကျီဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
ဦးကျော်မျိုးထိုက် ၏ ရုပ်အလောင်းအား ယနေ့နံနက်အစောပိုင်းအချိန်က အရေးပေါ်လူနာတင်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။