သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RSSS/SSA) အနေဖြင့် ရှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူနှင့် လက်တွဲ၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် ရှမ်းပြည်လူထုတို့ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံး ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ကလေးသူငယ်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ယနေ့ RCSS ၏ (၆) လပတ် အစည်းအဝေး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်က အာဏာရယူပြီးနောက် ၃ နှစ်ကျော် ကာလအတွင်း အကျိုးဆက်အားဖြင့် တိုင်းပြည်အနှံ့ တိုက်ပွဲ ဖြစ်ပွားခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေရာဒေသ အသီးသီးတွင် လူဆိုး၊ သူခိုး၊ ဓါးမြ ပေါများလာကြောင်း၊ ထို့ကြောင့် ပြည်သူ လူထုများမှာ လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း RCSS က ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ကြရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားရန် RCSS က ထုတ်ပြန် တိုက်တွန်းထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုအရ တောင်ပိုင်းသို့ ကူးလာနိုင်ကြောင်း၊ သို့သော်လည်း ရှမ်းတောင်ပိုင်တွင် ကြီးမားသော စစ်ရေးရည်မှန်းချက်များ မရှိကြောင်း PNLO နာယက ခွန်ဥက္ကာက သုံးသပ်သည်။
၄င်းက “သူ့လူအင်အားအရတော့ ချဲ့မယ်ဆိုရင်တော့ ကူးလာနိုင်တယ်၊ သို့သော်လည်းပဲ မြောက်ပိုင်းက အဖွဲ့အစည်းတွေ လက်နက်ကိုင်တိုက်နေတဲ့ ကိုးကန့်တို့၊ ပလောင်တို့၊ “ဝ”တို့ နောက်ပြီးတော့ SSPP ပေါ့၊ ဒီဖက်မှာ သူတို့ရဲ့ ရေရှည်ဗျူဟာတော့ ကျနော်တို့ မသိဘူး။ သို့သော်လည်းပဲ SSPP ဆိုရင် မိုင်းပွန်တို့ လွိုင်လင်တို့ကို မကြာခဏ ရောက်နေတာ တွေ့ရတယ်၊ သွားလိုက်ပြန်လိုက်ပေါ့၊ တစ်ခါတစ်လေ မိုင်းပွန်တို့ လွိုင်လင်တို့ရဲ့ နောက်ကျောမှာပဲ ဝပ်နေတာလည်း ရှိတယ်ဗျ၊ သူတို့ တကယ်လို့ ရှမ်းတောင်ကို ကူးမယ်ဆိုလည်း ကူးနိုင်တဲ့ အနေအထားတော့ ရှိတယ်။ သို့သော်လည်းပဲ ရှမ်းတောင်မှာက ကြီးမားတဲ့ စစ်ရေးရည်မှန်းချက်တော့ ဒီလောက်ရှိမယ့်ပုံ မပေါ်ဘူး။ သံလွင်အရှေ့ကို ပိုပြီးတော့ အားစိုက်တဲ့သဘောရှိတယ်၊ “ဝ”ကတော့၊ ဒါကြောင့် ကျနော်ထင်တယ် ဟိုပုံးတစ်ခွင်နဲ့ တောင်ကြီးတစ်ခွင်ကတော့ လောလောဆယ်ဆယ် စစ်မဲ့ဇုန် အနေအထားမှာ ရှိနိုင်မယ်” ဟု ပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် NCA အဖွဲ့ဝင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်။