မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်နေသော ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်းသို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ဝင်များ ယမန်နေ့ညပိုင်းက ဝင်ရောက်လာသလို လားရှိုးမြို့ကိုသိမ်းထားသည်ဟု MNDAA ကြေညာထားသည်ကို မဟုတ်မမှန်ကြောင်း မြန်မာစစ်ကောင်စီဘက်က ငြင်းဆိုထားသည်။
လက်နက်ကိုင်ပဋိပက္ခ စစ်ပွဲများဖြစ်ပွားနေသော လားရှိုးမြို့အတွင်းကို ဘက်အသီးသီးနှင့် ညှိနှိုင်း၍ ဝင်ရောက်လာခြင်ဖြစ်ပြီး ဝတပ်ဖွဲ့၏ စက်ရုံနှင့် ကုမ္ပဏီများ၊ ပြင်ပဆက်ဆံရေးရုံး မိသားစုများ လုံခြုံရေးအတွက် ဝင်ရောက်လာရခြင်း ဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက မီဒီယာများကို ပြောကြားသည်။
“အဓိကအားဖြင့် လားရှိုးမှာ ရှိနေတဲ့ ကျနော်တို့ ဒီ ဝတပ်ဖွဲ့ရဲ့ စက်ရုံ၊ ကုမ္ပဏီတွေ လုံခြုံရေးအတွက်။ ပြီးတော့ ဒီကျနော်တို့ရဲ့ ဝဆက်ဆံရေးရုံး မိသားစုတွေ လုံခြုံရေးအတွက် သွားရောက်တာပဲ ဖြစ်တယ်ပေါ့ နော်။ ကျန်တဲ့ ဒီပဋိပက္ခတွေကြားမှာ ကျနော်တို့ ပါဝင်ပတ်သက်မှုတွေတော့ ရှိမှာ မဟုတ်ဘူး ပေါ့နော်” ဦးညီရန်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၂၈) နံနက်စောစောပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို သိမ်းယူကြောင်း MNDAA က ထုတ်ပြန်ကြေညာထားပြီး လားရှိုးမြို့အတွင်း ကင်းလှည့်နေသော ဗီဒီယိုဖိုင်များနင့် မြို့၏ အထင်ကရနေရာများတွင် စစ်သားများ သိမ်းပိုက်ရရှိထားသည့် ဓါတ်ပုံများကို Online ပေါ် ဖြန့်ဝေထားသည်။
သို့သော် အဆိုပါ MNDAA လားရှိုးမြို့သိမ်း သတင်းမှာ မဟုတ်မမှန်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ငြင်းဆိုနေသော်လည်း သိန်းနှင့်ချီသော မြို့ခံများမှာ ဘေးလွတ်မည်ထင်သည့်နေရာများသို့ စွန့်ခွာထွက်ပြေးနေဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြနေသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF မဟာမိတ်များက ဇူလိုင် ၂၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇွန် ၂၅ ရက်မှ စတင်၍ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။