ကောင်းဝါ ဇွန် ၂၇၊ ၂၀၂၃။
သံဖြူဇရပ် – ရေး ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်မှ ဇွန်လ (၂၆) ရက်က သိမ်းဆည်းရမိခဲ့သည်ဆိုသည့် ရဲအသုံးအဆောင်ပစ္စည်းများအား KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်း မီးရှို့ခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ် (၃) က ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ ရေးမြို့နယ်၊ ဘေးလမိုင်းရွာအနီးရှိ သံဖြူဇရပ် – ရေး ကားလမ်းတွင် စစ်ဆေးနေစဥ် ရွှေစင်စင်္ကြာခရီးသည်တင်ကားဖြင့် တင်ဆောင်လာသည့် ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ သိမ်းဆည်းရမိသည့် ရဲအသုံးအဆောင် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
သံဖြူဇရပ် – ရေး ကားလမ်းတစ်လျှောက် သွားလာနေကြသည့် မော်တော်ယာဉ်များအား KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၂၇) ဌာနချုပ်မှ မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – ထားဝယ် – ဘိတ် (မြိတ်) အမှတ် (၈) ကားလမ်းပိုင်းတွင် ထိန်းချုပ်လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဇွန် (၁၅) ရက်မှစတင်ကာ စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူပေးကြရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် ရုပ်ဝတ္ထုပစ္စည်းများ တင်ဆောင်ခြင်း လုံးဝမပြုလုပ်ရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယာဉ်ပေါ်မှာ အတူတူခရီးသွားလာခြင်းမပြုလုပ်ရန် ဇွန် (၁၀) ရက်နေ့က သတိပေးစာ ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်၌ မကြာမီကာလအတွင်း စစ်ရေးအရှိန်မြင့်တင်တော့မည်ဖြစ်သည့်အတွက် ရေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ဆေးမှုကိုလည်း ကြည်ဖြူစွာခံယူပေးကြရန် နှင့် လူနာတင်ယာဉ်များအနေဖြင့်လည်း ကီလို (၈၀) အထက် ပိုမမောင်းကြရန် ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။
ထို့အပြင် အရေးပေါ်လူနာတင်ယာဉ်များ အနေဖြင့်အညပိုင်းအချိန်တွင် မော်လမြိုင်ကို အဆန်တက်ပြီးညအချိန်မတော် ပြန်ဆင်းလာတာမျိုးမလုပ်ရန်ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဗိုလ်ရန်နိုင်က မေတ္တာရပ်ခံထားကြောင်း သိရသည်။