နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် မြဝတီမြို့မှ ကော့ကရိတ်မြို့ဘက်သို့သွားလာနေကြသော ဒေါနတောင်ကျော်လမ်းများဖြစ်ကြသည့် ထို့ကော်ကိုး၊ ၁၀၁၈ – လမ်း နှင့် ကြက်ဥတောင်လမ်းများ သွားလာမရတော့သဖြင့် မြဝတီ – ကော့ကရိတ်လမ်းဟောင်းမှ သွားလာနိုင်ရေး မော်တော်ယာဉ်များ ထောင်နှင့်ချီပြီး စောင့်ဆိုင်းနေကြသည်။
ကားသမားတစ်ဦးက “အမှန်အတိုင်းပြောရရင် မြဝတီ – ကော့ကရိတ်လမ်းဟောင်းမှာက ဂိတ်ကြေးများတယ်။ Probox တစ်စီးအသွားအပြန်ဆိုရင် (၇) သိန်းလောက်ကုန်တယ်။ ဆီဖိုးနဲ့ စားစရိတ်နဲ့ဆိုရင် အနည်းဆုံး (၁၀) သိန်းလောက်ကုန်တယ်။ လမ်းတွေကလည်း သိပ်မကောင်းတော့လို့ အရင်က တစ်ညအိပ်ခရီးက အခုက တစ်ပတ်လောက်ကြာတတ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ မြဝတီ – ကော့ကရိတ်လမ်းဟောင်းမှ သွားလာနိုင်ရန်အတွက် မြဝတီမြို့ဘက်ခြမ်းတွင် မော်တော်ယာဉ် ထောင်နှင့်ချီပြီး စောင့်ဆိုင်းနေကြရသလို၊ ကော့ကရိတ်မြို့ဘက်ခြမ်းမှာလည်း မော်တော်ယာဉ်ပေါင်းစုံ ထောင်နှင့်ချီကာ စောင့်ဆိုင်းနေကြကြောင်းလည်း ၎င်းကဆိုသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းက မြဝတီ – ထို့ကော်ကိုး – နဘူး – သရက်တော – ထီလုံ – ဘားအံ ကားလမ်းပေါ်ရှိ တံတားအမှတ် (၂/၃၃) နောင်ခွီးတံတားမှာ တံတားချဉ်းကပ်လမ်းမြေသားအား ရေတိုက်စားသွားသည့်အတွက်ကြောင့် အသုံးပြု၍မရတော့ကြောင်း နှင့် လတ်တလော ကျုံဒိုး – နဘူးလမ်း၊ ကျုံဒိုး – တံတားကျိုး – နဘူးလမ်း၊ သာမည – နဘူးလမ်းများမှ လမ်းကြောင်းအခြေအနေစုံစမ်းကာ သွားလာနေကြရကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။
အလားတူ ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ဘုရားသုံးဆူ – ထီမံထို – တောင်ဒီး – တံခွန်တိုင် – မုဒုံ လမ်းကြောင်းတွင်လည်း ဇူလိုင်လ (၂၄) ရက်နေ့က ထီမံထို ရွာအနီးရေကြီးရေလျှံမှုဖြစ်ပွားနေသည့်အပြင် တံခွန်တိုင်ရွာအနီးရှိ တံတားတစ်စင်းပေါ် ချောင်းရေကျော်နေသည့်အတွက် မော်တော်ယာဉ်များ သွားရေးလာရေးခက်ခဲနေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။