ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် အမတ (၃၁၀) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာလေးပိုင်းရှိ သစ်စက်အလုပ်သမား အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့ ည (၈) နာရီအချိန်ခန့်က အဆိုပါ သိမ်ဇရပ်မြို့၊ ရွာလေးပိုင်းရှိ ဦးမျိုးမင်းဦးပိုင် သစ်စက်အလုပ်ရုံပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး က ပြောကြားသည်။
“လက်နက်ကြီးကျလို့ ဒဏ်ရာရသွားသူတွေက အသက် (၂၀) နှစ်အရွယ် မောင်ဟိန်းဝေအောင် နဲ့ အသက် (၄၀) နှစ်အရွယ် ဦးဇော်အောင် တို့ဖြစ်ကြပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
၎င်းတို့နှစ်ဦးမှာ သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ မောင်ဟိန်းဝေအောင်၏ ညာဘက်ဂျိုင်းအောက်တွင် ကျည်စထိမှန်ဒဏ်ရာ၊ ဦးဇော်အောင်၏ ရင်ဘတ်နှင့် ပေါင်နေရာများတွင် ကျည်စထိမှန်ဒဏ်ရာများရရှိသဖြင့် အရေးပေါ်ခန်း၌ ထားရှိကုသနေရကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် တကေးချောင်းဖျားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ငှက်ပျောတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခံသည့်အတွက်ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၅) ဦး ဒဏ်ရာရရှိခဲ့သည်။