မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ကရင်လေးဆိပ်တံတား ယမန်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံထားရသည့်အတွက် မော်တော်ယာဉ်အစီးရေ ရာနှင့်ချီပြီး နှစ်ဖက်စလုံးတွင် ပိတ်မိနေကြသည်။
ရန်ကုန် ဘက်မှ သထုံမြို့ဘက်သို့ လာရောက်ကြမည့် မော်တော်ယာဉ်များအား ဘီးလင်းမြို့တိုးဂိတ်ဟောင်းတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
“ဘီးလင်းကနေ သထုံမြို့ဘက်အထွက် တိုးဂိတ်အဟောင်းဂိတ်မှာ ကားလမ်းပိတ်ထားတယ်။ ရန်ကုန်ဘက်ကဆင်းလာတဲ့ကားတွေက စောင့်ရင်းစောင့်ရင်းနဲ့ တဖြည်းဖြည်းများလာတယ်။ ဘယ်လိုပေးသွားမလဲတော့ မသိသေးဘူး” ဟု ရန်ကုန်ဘက်မှလာသည့် ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
အလားတူ သထုံဘက်မှ ဘီးလင်းဘက်သို့ သွားရောက်မည့် မော်တော်ယာဉ်များမှာ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် ပိတ်မိနေကြကြောင်း ကားသမားများ၏ ပြောကြားချက်များအရ သိရသည်။
“ကျိုက္ကော် (သုဝဏ္ဏဝတီမြို့) ကနေ ဘီးလင်းဘက်အထွက် မိုးကောင်းရွာလောက်ကနေစပြီး ကားတွေပိတ်နေတယ်။ မနက်အစောပိုင်း ကားလေးတွေ ကရင်လေးဆိပ် – ဇရပ်ကျွန်း ကျေးရွာချင်းဆက်လမ်းကနေသွားလာနေကြတာမျိုးရှိတယ်။ ရွာလမ်းဆိုတော့ မြေသားလမ်းဘဲရှိတယ်။ မိုးရွာထားလို့ ဗွက်တော့ထနေတယ်။ ကားကြီးတွေတော့ သွားလားလို့မရဘူး” ဟု ကားတစ်ဦးက ပြောကြားသည်။
သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၆) နှင့် (၁၃၄/၇) ကြားရှိ ကရင်လေးဆိပ်တံတားမှာ တံတား အရှည် (၁၀) ပေခန့် ၊ တံတားအကျယ် (၅၄) ပေခန့်ရှိတံတားငယ်တစ်စင်းဖြစ်ကြောင်း နှင့် ယမန်နေ့ ဇူလိုင်လ (၁၆) ရက်နေ့ ည (၁၀) နာရီခွဲဝန်းကျင်အချိန်ခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်ကလည်း ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မော်တော်ယာဉ်များအနေဖြင့် ခရိုင်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများမှ ခက်ခက်ခဲခဲသွားလာခဲ့ရဖူးကြောင်း သိရသည်။
Photo-CJ