သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ဒေသအခေါ် ကရင်လေလေးဆိပ်တံတားမှာ ယမန်နေ့ ညပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရန်ကုန် – မော်လမြိုင်ကားလမ်းမ မိုင်တိုင်အမှတ် (၁၃၄/၆) နှင့် (၁၃၄/၇) ကြားရှိ ကရင်လေးဆိပ်တံတားမှာ တံတား အရှည် (၁၀) ပေခန့် ၊ တံတားအကျယ် (၅၄) ပေခန့်ရှိတံတားငယ်တစ်စင်းဖြစ်ကြောင်း နှင့် ယမန်နေ့ ဇူလိုင်လ (၁၆) ရက်နေ့ ည (၁၀) နာရီဝန်းကျင်အချိန်ခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့ည (၁၀) နာရီဝန်းကျင်အချိန်လောက်မှာ ပေါက်ကွဲသံကြီး (၃) ကြိမ်ကြားလိုက်ရတယ်။ ကျနော်တို့က ကျုံအိတ်တံတားကိုဘဲ မိုင်းထပ်ခွဲတယ်ထင်နေကြတာ။ မနက်ကျမှ ကရင်လေးဆိပ်ရွာအနီး ကားလမ်းမပေါ်က ကရင်လေးဆိပ်တံတား မိုင်းခွဲခံရတာလို့ သိရတာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် ကရင်လေးဆိပ်တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကြောင်း နှင့် လတ်တလော မော်တော်ယာဉ်ကြီးများ သွားလာ၍မရတော့ဘဲ နှစ်ဖက်ယာဉ်အစီးရေ (၁၀၀) ခန့် ရပ်စောင့်နေကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
“ကားသေးတွေကတော့ ထုံးစံအတိုင်းရွာလမ်းတွေထဲကနေသွားလာနေကြတာမျိုးရှိတယ်။ မိုးကလည်းရွာနေတော့ ရွာလမ်းတွေက ဗွက်တွေထနေတယ်။ ကားကြီးတွေဝင်သွားရင်တော့ လမ်းတွေပျက်ဆီး အထဲမှာပါ ပိတ်ဆို့သွားနိုင်တယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတားအား သထုံခရိုင်လမ်းဦးစီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီတို့မှ ပူးပေါင်းကာ အမြန်ဆုံးပြုပြင်သွားရန်စီစဉ်နေကြောင်းလည်း နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
“မိုင်းခွဲခံရတဲ့ တံတားက တံတားငယ်ဘဲဆိုတော့ တံတားအောက်ခြေကို ပြွန်ထည့်ပြီးတော့ အပေါ်ကနေ မြေကြီးဖို့မယ်လို့တော့ သိရတယ်” ဟု သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိ မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံခဲ့ရသည့်တံတားမှာ ယခင်က မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတား နှင့် ဒေသအခေါ် မစောတံတားကြားတွင်တည်ရှိပြီး ကျုံအိတ်တံတားအနီးတွင် တည်ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။