သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာတွင် ကားလမ်းပေါ် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်မှ ပစ်သတ်ကာ PDF ဆိုပြီး သတင်းလွှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဇူလိုင်လ ၁၅) မွန်းလွဲ (၁) နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ဝယ်တော်ကျေးရွာဘက်မှ စခန်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးအား ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဝယ်တော်ရွာဘက်ကိုလို့ သိရတယ်။ သူတို့ကို ကင်းပုန်းဝတ်နေတဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်လိုက်တာပါ။ အဲ့ဒီအမျိုးသားနှစ်ဦးလုံး အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ရတာပါ”
သေနတ်နှင့် ပစ်ခတ်ခံပြီးသေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအား ညပိုင်းမှသာ မိသားစုဝင်နှင့် ရွာသားများက သွားရောက်ကောက်ယူခဲ့ကြောင်းရကြောင်း ၎င်းဒေသခံက ဆိုသည်။
သို့ရာတွင် စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် အမျိုးသားနှစ်ဦးမှာ PDF တပ်ဖွဲ့ဝင်များဟုတ်/ မဟုတ် အတည်မပြုနိုင်သေးပေ။
သို့ရာတွင် စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ယင်းနေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ PDF အလောင်းနှစ်လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဝါဒဖြန့်ရေးသားထားကြသည်။
အလားတူ ရေးမြို့နယ် အာယုတောင်ကျေးရွာ၌ ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့တို့က ခြံထဲမှပြန်လာသော ကွမ်းသီးခြံပိုင်ရှင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – ထားဝယ် – မြိတ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အားအများအပြားနှင့် စစ်ကြောင်းထိုးခြင်း၊ နေရာအနှံ့ ကင်းပုန်းချခြင်းများ လုပ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။