AHA-Centre (ASEAN Coordinating Center for Humanitarian Assistance on disaster management) ၏ လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေးပစ္စည်းများကို ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စစ်ဘေးဒဏ်သင့် ဒေသခံပြည်သူများထံ ယမန်နေ့က သွားရောက် လှူဒါန်းခဲ့သည်။
ဓမ္မသ၊ သံကလောင်၊ ကျွန်းကုန်းရွာနှင့် အခြားဆက်စပ်ကျေးရွာများတို့မှ စစ်ဘေးဒဏ်သင့် အိမ်ထောင်စုတို့အား စားနပ်ရိက္ခါ-မိသားစုအသုံးအဆောင်နှင့် အခြားတစ်ကိုယ်ရေသုံးပစ္စည်းများကို ASEAN-AHA-Center က မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံ တဆင့် လာရောက်ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် (၁၀) ရက်နေ့က ASEAN-AHA-Center အာစီယံအဖွဲ့၀င်နိုင်ငံများမှ သံရုံးတာ၀န်ရှိသူများကိုယ်တိုင် မော်လမြိုင်မြို့ သာသနာ၂၅၀၀ မွန်ဗိမာန်တော်သို့ လာရောက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း-မွန်ပြည်နယ်ကြက်ခြေနီအသင်းနှင့်အတူ မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့အား အဆိုပါ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့သည်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးသို့ရောက်ရှိနေသော အဆိုပါဒေသမှစစ်ဘေးရှောင်များအနေဖြင့် လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ ရုံးတယ်လီဖုန်းနံပါတ် 09785450229- 09425363781 များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စစ်ဘေးဒဏ်သင့် ပြည်သူလူထုတို့အား ကူညီရန်အတွက် မွန်အမျိုးသားအဆင့်- ကူညီရေးအဖွဲ့အစည်းဖြစ်သော မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကို မွန်သံဃာတော်များ၊ မွန်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီ၊ ရာမညနိကာယပရဟိတအဖွဲ့၊ ရာမညရှေ့နေများကွန်ရက်၊ မွန်အရပ်ဘက်အဖွဲ့အစည်းများနှင့် မွန်လူငယ်အသင်းများတို့မှ ကိုယ်စားလှယ်များဖြင့် မော်လမြိုင်မြို့ ငန်းတေးမီးစက်အရှေ့ရှိ နိုင်ရွှေကျင်စာကြည့်တိုက်၌ ရုံးစိုက်ကာ စုဖွဲ့ထားခြင်း ဖြစ်သည်။
Photo; Kominmin