ရှမ်းပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးထုတ်ရာတွင်အသုံးပြုသည့် Toluene ဓာတုပစ္စည်းကုန်ကြမ်း အလေးချိန် တန်ချိန် ၉၀ ကို ထိုင်းနိုင်ငံ၊ ချွန်းပူးရီခရိုင်၊ လဲမ်ချဘမ်းဆိပ်ကမ်း၌ ဖမ်းဆီးမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်သော ဓာတုကုန်ကြမ်းများကို ကွန်တိန်နာသေတ္တာ ၆ လုံးပေါ်တင်၍ တောင်ကိုးရီးယားနိုင်ငံမှ သင်္ဘောဖြင့် ဇွန် ၇ ရက်က လဲမ်ချဘမ်းဆိပ်ကမ်းသို့ ဝင်လာရောက်လာရာ ထိုင်းဆိပ်ကမ်းရှိ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများက ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်ရာမှ စစ်ဆေးချက်အရ အဆိုပါပစ္စည်းတွေကို စမွတ်စခွန်းခရိုင် လော်ဂျစ်စတစ် စီးပွါးရေးကုမ္ပဏီတခုက မှာယူခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် ရှမ်းပြည်နယ်ရှိ ကုမ္ပဏီတခုသို့ ပို့ဆောင်သွားမည် ဖြစ်သည်။
အဆိုပါဓာတုကုန်ကြမ်း တန်ချိန်ပေါင်း ၉၀ မှ ဟီးရိုးအင်းထုတ်လုပ်ပါက ၄ တန်ခွဲ၊ အိုက်စ်မူးယစ်ဆေး ၄၅၀၀ ကီလိုဂရမ်၊ ကိုကင်း ၄၅၀၀ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား သန်းပေါင်း ၂၇၀ သန်းထုတ်လုပ်နိုင်ကြောင်း၊ စိတ်ကြွဆေးတစ်ပြားအတွက် ၀ ဒဿမ ၂၅ ဘတ် (ဘတ်တစ်မတ်) မျှသာ အရင်းအနှီးရှိကြောင်း မူးယစ်ဆေး ဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ခီရီဆဒ် တန်းသီနဝပ်ချိုင်းက ပြောသည်။
အဆိုပါရှမ်းပြည်နယ်ရှိ ပေးပို့မည့်လိပ်စာနေရာမှာ ကုမ္ပဏီအဆောက်အဦမရှိ၊ မြေကွက်သာရှိနေသဖြင့် သံသယဖြစ်ဖွယ်ရှိသောကြောင့် မဲဆောက်ဘက်သို့ ပို့ဆောင်ခွင့်မပြုဘဲ နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ၄င်းတို့၏ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်တိုက်ပွဲအတွက် လက်နက်ဝယ်ယူရန်နှင့် တပ်ဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့ရန် လိုအပ်နေသောကြောင့် တရားမဝင် မူးယစ်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထဲသို့ တင်သွင်းရောင်းချမှု ပိုမိုလုပ်လာဆောင်လာနေကြောင်း Pha Muang တပ်ဖွဲ့ ဒုတိယ အကြီးအကဲ၊ ဗိုလ်မှူးကြီး Meechai Nillasart ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။