မြဝတီမြို့ရှိ လောင်းကစားဂိမ်းရုံများ ပိတ်သိမ်းရန် NCA အပစ်ရပ် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တပ်ဖွဲ့တို့မှ ဇူလိုင်လ (၁၀) ရက်နေ့၊ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
သို့ရာတွင် စစ်ကောင်စီနှင့် BGF ထိန်းချုပ်မှုအောက်တွင်ရှိနေသော မြဝတီမြို့ပေါ် လောင်းကစားဂိမ်းရုံများ အနေဖြင့် ကရင်ငြိမ်းချမ်းရေးကောင်စီ PC နှင့် DKBA တို့၏အမိန့် လိုက်နာခြင်းရှိမရှိကိုမူ မသိရပေ။
အထူးသဖြင့် မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဂိမ်းရုံများမှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်နီးစပ်သူများကသာ ဖွင့်လှစ်ထားကြခြင်းဖြစ်ကြောင်း၊ ယင်းလောင်းကစားဂိမ်းရုံများကိုလည်း လက်နက်ကိုင်အဖွဲ့အစည်းများကသာ လုံခြုံရေးပေးထားကြကြောင်း မြိုခံများ၏ ပြောကြားချက်များအရ သိရသည်။
မြဝတီမြို့ပေါ်ရှိ လောင်းကစားဂိမ်းရုံများအား ပိတ်သိမ်းရန်၊ တပ်ဖွဲ့ဝင်များအနေနှင့်လည်း မူးယစ်ဆေးဝါး နှင့် လောင်းကစားကိစ္စများအား လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်ထားသည့်အပြင်၊ အမိန့်မနာခံပါဘဲ ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အလားတူ ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်လူမျိုးများ ထောင်နှစ်ချီ၍ ဝင်ရောက်လာကြောင်း၊ မြို့ပေါ်မှာ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ ပန်းသီးပုံး ကာစီနိုလောင်းကစားနည်းအမျိုးမျိုးဖြင့် စည်ကားလာကြောင်း၊ မြို့ကိုထိန်းချုပ်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လောင်းကစားဝိုင်းကို ထိန်းချုပ်ထားကြောင်း မြို့ခံများမှ သိရသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တပ်ဖွဲ့တို့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားကြသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ကြပြီး၊ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီမှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း တက်ရောက်ဆွေးနွေးနေကြသည့် တပ်ဖွဲ့များ ဖြစ်ကြသည်။