လတ်တလော နိုင်ငံခြားမှ ငွေလွှဲပို့ရာတွင် မြန်မာပြည်၌ ငွေသားများ ထုတ်ယူရန် အခက်အခဲရှိလာကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက သံဖြူဇရပ်မြို့ရှိ မိဘများထံ မြန်မာငွေ ၅ သိန်းတိတိကို ငွေလွှဲဝန်ဆောင်အသိမိတ်ဆွေတစ်ဦးမှတဆင့် ငွေလွှဲပေးပို့ခဲ့ရာတွင် ဘဏ်မှ ငွေသားထုတ်မရသေးသဖြင့် ကာယကံရှင်များက လက်ခံရယူနိုင်ခြင်းမရှိသေးကြောင်း ၄င်းက ပြောသည်။
“ထိုင်းကနေ ကျနော်ငွေလွှဲခဲ့တာကိုလည်း အိမ်ကငွေထုတ်မရဘူး၊ စင်ကာပူက ကျနော့ညီမ အိမ်ကိုငွေလွှဲပေးတာကလည်း ထုတ်မရသေးဘူး၊ ဘဏ်အကောင့်ထဲ လွှဲပေးတာ အဆင်ပြေတယ်လို့ပြောတယ် ဒါပေမယ့် Kpay နဲ့ အပြင်မှာ ငွေထုတ်ပေးမယ့်ဆိုင်တွေ ပိတ်ထားကြတယ်၊ ငွေထုတ်မရဖြစ်နေတယ်” ဟု ၄င်းက ဆက်ပြောသည်။
ဘဏ်အချို့တွင် ငွေသားလက်ကျန်မရှိသလောက်ဖြစ်နေပြီး မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများကိုလည်း ပုဂ္ဂလိကဘဏ်များက ကန့်သတ်လာကြောင်း၊ အကယ်၍ မဖြစ်မနေ ငွေလွှဲမည်ဆိုပါက ငွေကျပ် ၃ သိန်းသာ အများဆုံး အလွှဲခံကြောင်း၊ Special Bank Account များသည်လည်း ငွေထုတ်ရာတွင် လိုသလောက် ထုတ်မရကြောင်း၊ ATM စက်များမှ ငွေထုတ်ယူခြင်းကိုလည်း ကန့်သတ်ထားကြောင်း မော်လမြိုင်မြို့မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ဗဟိုဘဏ်ကလည်း Special Bank Account တွေ လိုသလောက် ထုတ်လို့ရတယ်လို့ ကြေညာထားတယ် ဒါလည်း လူထုကို လိမ်တာဘဲဗျ၊ ဒီမနက် ဘဏ်မှာ ငွေသားသွားထုတ်တယ် ၁၀ သိန်းတောင် မနည်းတောင်းပန် ပြောလာရတယ်၊ နောက်ငွေထပ်လွှဲလာတယ် သွားထုတ်တာ မရခဲ့ဘူး၊ ကိုယ့်ငွေနဲ့ကိုယ် ဘဏ်က လူကိုဒုက္ခပြန်ပေးနေပြီ၊ အခြေအနေက သိပ်မကောင်းဘူးဗျ၊ ဘာမှလုပ်ကိုင်စားလို့ မရတော့ဘူး” ဟု ၄င်းက ဆိုသည်။
ပုဂ္ဂလိကဘဏ်များတွင် ယခုအခါ ငွေအပ်နှံသူ လုံး၀ မရှိသလောက်ဖြစ်နေပြီး ငွေထုတ်ယူကြသူများသာ များပြားနေသောကြောင့် ဘဏ်များ အခက်တွေ့နေရကြောင်း မော်လမြိုင်မြို့ ဘဏ်အသိုင်းအ၀ိုင်းမှ ပြောဆိုနေကြသည်။
ပုဂ္ဂလိဘဏ်များက စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားခြင်းများ ပြုလုပ်လျှင် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဘဏ်များ၏ စည်းကမ်းဖောက်ဖျက်မှုများက စီးပွားရေး မူဝါဒကို ထိပါးဟု စစ်ကောင်စီက ခေါ်ယူခြိမ်းခြောက်ခဲ့ပြီး ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါ အဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး Yoma Bank အပိတ်ခံရဖွယ် အခြေအနေ ကြုံလာနိုင်ကြောင်း Online ပေါ်တွင် ရေးသားပြောနေကြသည်။
ပုဂ္ဂလိကဘဏ် ၇ ခုနှင့်ဘဏ်ပိုင်ရှင်များကို ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ်သတ်မှတ်ထားသည်ထက် ပို၍ ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ကြေညာခဲ့ပြီး နောက်တစ်နေ့၌ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေထုတ်သူများ စုပြုံတိုးကြိတ်နေခဲ့ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ သိန်း ၅၀ သာ ငွေထုတ်ပေးကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင်မူ Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့ ငွေကျပ် သိန်း ၃၀ ၊ ဇူလိုင်လ ၄ ရက်နှင့် ဇူလိုင်လ ၅ ရက်နေ့တွင်မူ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာ ငွေထုတ်ပေးကြောင်း၊ ယင်းနောက် ဇူလိုင်လ ၈ ရက်နေ့မှစတင်ပြီး တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး ငွေကျပ် သိန်း ၂၀ သာ ထုတ်ပေးတော့ကြောင်း သိရှိရသည်။