ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲဖြစ်စဥ်တွင် စစ်ကောင်စီသတင်းပေးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် နေအိမ်ဖောက်ထွင်းသူ ၁၈၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တအာင်းပလောင်တပ်ဖွဲ့- TNLA က ယမန်နေ့က သတင်းထုတ်ပြန်သည်။
မူးယစ်ဆေးဝါးပြစ်မှုများဖြင့် ထောင်ကျခဲ့ဖူးသူများဖြစ်ကြသော အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စစ်ကောင်စီ သတင်းပေး ၁၆ ဦး နေအိမ်ဖောက်ထွင်းခိုးယူသူ၊ စစ်ကောင်စီတံဆိပ်အမှတ်အသားပါ သေနတ်ငယ် ကိုင်ဆောင်သူများပါဝင်ပြီး ၄င်းတို့သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်နေရာများအတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန် ထောင်မှ စစ်ကောင်စီ ပြန်လွှတ်ပေးခဲ့သူများဖြစ်ကြောင်း TNLA က ဆိုသည်။
ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေး အဖြစ် ဇွန်လ ၂၅ ရက်ကပြီး စတင်တိုက်ခိုက်ခဲ့ရာ လက်ရှိတွင် ကျောက်မဲမြို့ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်၏ ခလရ(၅၀၁) (၅၀၂) တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။
ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လေယာဉ်ပစ် လက်နက် ၂ လက် အပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော်နှင့် ခဲယမ်းအမြောက်အများကို TNLA သိမ်းပိုက်ရရှိပြီး လက်ရှိတွင် မြို့ကို အလုံးစုံထိန်းချုပ်ထားသည်။