ကောင်းဝါ ဇွန် ၂၄၊ ၂၀၂၃။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွက်ကျေးရွာမှာ ဖွင့်လှစ်ထားသည့် Big-C ဈေးဆိုင်အတွင်း ဝင်ရောက်ကာ ပစ္စည်းများခိုးယူသည့် မြန်မာနိုင်ငံသားတစ်ဦး အား ဇွန်လ (၂၃) ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသား ဖိုးဇော် ဆိုသူမှာ မြဝတီ – မဲဆောက် အမှတ်(၁)တံတားအနီးရှိ ထာ့ဆိုင်လွက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် Big-C ဈေးဆိုင်အတွင်းသို့ ဇွန်လ( ၂၃) ရက် ည (၉) နာရီဝန်းကျင်အချိန်ခန့်က ဈေးဝယ်သူအဖြစ်ဟန် ဆောင်ကာ ဝင်ရောက်ပြီး ဘီယာနှင့် စားသောက်ဖွယ်ရာပစ္စည်းအချို့ကို ခိုးယူနေစဉ် ဆိုင်ဝန်ထမ်းများက ဖမ်းဆီးမိခြင်း ဖြစ်သည်။
ဆိုင်ဝန်ထမ်းများအလစ်တွင် ထွက်ပြေးခဲ့သည့်အတွက် ဆိုင်တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေခံရဲကင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့ပြီး ပိတ်ဆို့ပြီးရှာဖွေခဲ့ရာ နာရီပိုင်းအကြာတွင် အမှတ် (၁) ထာ့ဆိုင်လွက်ကျေးရွာအပြင်ရှိ ပြောင်းစိုက်ခင်း လယ်ကွင်းအတွင်း အသက် (၂၉) နှစ်အရွယ် ဖိုးဇော် ကို ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် နယ်မြေရဲကင်းမှ တာဝန်ရှိ အမှုစစ်ရဲအရာထံကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မဲဆောက်မြို့ခံများမှ သိရသည်။