ဂျိုင်းမြစ်ဝှမ်းရှိ စစ်ဘေးဒဏ်သင့် ဒေသခံပြည်သူများအား AHA Centre (ASEAN Coordinating Center for Humanitarian Assistance on disaster management) က ဇူလိုင်လ (၁၀) ရက်နေ့တွင် လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ AHA Centre မှ လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများလာရောက်လှူဒါန်းမှု အစီအစဉ်အား မြန်မာနိုင်ငံကြက်ခြေနီအသင်း (မွန်ပြည်နယ်) နှင့် မွန်စစ်ဘေးရှောင် ကူညီရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စစ်ဘေးသင့်မိသားစုတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေလှူဒါန်းတဲ့အခမ်းအနားကို မော်လမြိုင်မြို့မှာရှိတဲ့ သာသနာ (၂၅၀၀) စာသင်တိုက်မှာပြုလုပ်ခဲ့တာပါ။ လောလော ဆယ်မှာ ဂျိုင်းမြစ်ဝှမ်းက စစ်ဘေးဒဏ်သင့် မိသားစုပေါင်း (၂၅၀) စာလောက် လှူဖြစ်တယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ စစ်ဘေးသင့်ဒေသတွေအထိ ဆင်းပြီးတော့ သွားရောက်လှူဒါန်းထောက်ပံ့ပေးသွားဖို့ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဆန်အပါအဝင် စားနပ်ရိက္ခာများ၊ စောင်၊ ခြင်ထောင်အစရှိသောပစ္စည်းများ အပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းများ လာရောက်ပါဝင်ကြောင်း နှင့် နောက်ထပ်လည်း ကျန်ရှိနေသည့် စစ်ဘေးသင့်မိသားစုများအား ထပ်မံလှူဒါန်းပေးသွားမည်ဟု ၎င်းကဆိုသည်။
“ASEAN သံရုံးတွေက သံအမတ်တွေပါ ရောက်လာကြတော့ အခမ်းအနားသဘောမျိုး ပြုလုပ်ပြီးတော့ စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့တဲ့ အစီအစဉ်လေး လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၁) ရက်ကလည်း မွန်ရဟန်းသံဃာတော်အဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Mon Humanitarian Support Alliance က ဓမ္မသကျေးရွာမှ မီးလောင်သွားခဲ့ရသည့် နေအိမ် (၁၄၅) လုံးစာအတွက် တစ်အိမ်လျှင် ကျပ်ငါးသိန်းအပြင် စားနပ်ရိက္ခာများကိုလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
NMSP (AD), MLA, KNU, PDF တော်လှန်ရေးပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့တွင် ကျိုက်မရောမြို့နယ်နှင့် ဆက်စပ်လျှက်ရှိသော ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မွန်ပြည်နယ်ဘက်အခြမ်း ဂျိုင်းမြစ်ကမ်းတလျှောက်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် တစ်လကျော်ခန့် နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ဒေသခံများ စစ်ဘေးရှောင်ဘဝ ယာယီရောက်ရှိသွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကော့ဘိန်းရဲစခန်းသိမ်းဖြစ်စဥ်၏ နောက်ဆက်တွဲအဖြစ် တိုက်ပွဲဖြစ်ပေါ်ခြင်းမရှိသော ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာအား ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့တွင် စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်လာမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် (၃၀၀) ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ရကြောင်း၊ အဆိုပါဒေသတွင် NMSP (AD), MLA, KNU, PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တရနာကျေးရွာအနီးရှိ ကျွန်းကုန်းရွာတွင်လည်း (၂) ကြိမ်ထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ဓမ္မသကျေးရွာတဝိုက်တွင် စစ်ကောင်စီသည် ရေတပ်မှဟောင်ဝင့်ဇာအမြှောက်အပြင် စစ်ရဟတ်ယာဥ်ဖြင့် လိုက်လံပစ်ခတ်ပြီး လေကြောင်းမှလည်း ပေါင် ၅၀၀ ဗုံးကြဲချခဲ့ကြောင်း၊ စစ်ကောင်စီ၏ သံချပ်ကာ၊ တန်ပြန်ဒရုန်းတပ်ဖွဲ့ပါမကျန် အောင်ဇေယျစစ်ဆင်ရေးဖြင့် နယ်မြေရှင်းလင်းခဲ့ရာ အနီးအနားတဝိုက်က မွန်ကျေးရွာပေါင်း ၁၁ ရွာတွင် တစ်လကြာခန့် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားခဲ့ရာမှ စစ်ဘေးရှောင် ၅ သောင်းခန့် ဘေးလွတ်ရာသို့ ယာယီနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရသည်။