လက်ရှိဖြစ်ပေါ်လျှက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တိုက်ပွဲအတွင်း တရုတ်ဘုံကျောင်းကို ဇူလိုင်လ (၈) ရက်နေ့က MNDAA မှ Drone Drop Bomb ချ တိုက်ခိုက်ခဲ့သည်ဟု စကစ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသဖြစ်စဉ်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘောထားများကို ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာဘာသာဖြင့် ပြောကြားသွားသည့် ဗီဒီယိုဖိုင်တွင် တရုတ်စာတမ်းများ ထိုးပြထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “အခုလားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စ တိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ Drone တွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၈) ဦး သေဆုံးပြီး (၂၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့နယ်မြေတိုင်းမှာ ပြည်သူ လူထုရဲ့ လူမှုစီးပွားဘဝ ပျက်သုဉ်းခဲ့ရပါတယ်။ လားရှိုးမြို့မှာ ထင်ရှားတဲ့ လားရှိုးလေဆိပ်အနီးက တရုတ်ဖါ့ရွန် ဘုံကျောင်းကို မနေ့မနက် ၇ နာရီမှာ Drone နဲ့ Drop Bomb ချ တိုက်ခိုက် ခဲ့ပါတယ်။ လားရှိုးမှာနေထိုင်ကြတဲ့ တရုတ်လူမျိုးများအပါအဝင် ဒေသခံပြည်သူလူထု ကလည်း ဒီ MNDAA နဲ့ အပေါင်းပါ အဖွဲ့တွေကို အလိုမရှိကြောင်း ဆန့်ကျင်လျက် ရှိပါတယ်” ဟု ဆိုသည်။
သို့ရာတွင် MNDAA ကိုးကန့်တပ်ဖွဲ့ ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက လားရှိုးမြို့ရှိ ခလရ ၆၈, မိုင်းရယ် ၆၇, ရန်တိုင်းအောင် အရှေ့ ခလရ ( ၄၁)တပ် ၊ ခမရ ၅၀၇ ၊ နမ့်ပေါင် ခမရ ၂၉၁ တပ်စခန်းများကို ဇူလိုင်လ (၃) ရက်နေ့က တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင် ၇ ရက်နေ့ (ခမရ – ၅၀၇ ) စခန်းသိမ်းတိုက်ပွဲတွင် ရပ်ကွက် (၅) ရှိ တရုတ်ဘုံကြောင်းကို စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲခဲ့ကြောင်း ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။
ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “အဲညက အပြင်းဆုံးပဲ၊ ရပ်ကွက် ၅ အထက်မန်အိုင်မှာ ၅၀၇ မှာဖြစ်ကြတာ။ အပြန်အလှန်ပစ်ကြတာ။ လက်နက်ကြီးကြောင့် ရပ်ကွက်အတွင်း နေအိမ် ၅ လုံးကျော်ပျက်စီးတယ်။ တရုတ်ဘုံကျောင်းကိုလည်း လာကြဲသွားတယ်။ Holiday ကစားကွင်းလည်းထိတယ်” ဟု ပြောသည်။
ယခုအခါ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA ပူးပေါင်းတပ်ဖွဲ့အကြား စစ်ရေးဆက်လက်တင်းမာလျှက်ရှိပြီး လားရှိုးမြို့မှ စွန့်ခွာထွက်ပြေးကြသော စစ်ဘေးရှောင်များအနေဖြင့် လမ်းခရီးတွင် အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း ဆက်သွယ်မေးမြန်ချက်အရ သိရသည်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့နှင့် တအန်းTNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွင် မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို သိမ်းယူခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက သတင်းဌာနများကို ပြောကြားခဲ့သည်။
ထို့ပြင် ဇူလိုင် (၅) ရက်နေ့တွင် ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ (၅၆၆) တပ်ရင်းနှင့် သံတွဲလေဆိပ်ကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းခဲ့ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်အထိ ချေမှုန်းခဲ့သည့်အပြင် လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ (ဒကစ) ဌာနချုပ်နှင့် ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ် တို့ကိုလည်း AA ပိတ်ဆို့ ဖြတ်တောက်ထားကြောင်း သတင်းများက ဖော်ပြသည်။
စစ်ရေးအရ အဖက်ဖက်က ကျရှုံးလာသည့်စစ်ကောင်စီအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် တစ်နိုင်ငံလုံး အများပြည်သူရုံးပိတ်ရက်တွင် တရုတ်နှစ်သစ်ကူးနေ့ကို ထည့်သွင်းသတ်မှတ်လိုက်ကြောင်း ဇူလိုင် ၈ ရက်နေ့က ကြေညာလိုက်သည်။