စစ်ကောင်စီတပ်ဖွဲ့ပြန်လည်စိုးမိုးထားသည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် Drone Drop Bomb ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၈ ရက် ညပိုင်းအချိန်က လူနေအိမ်တစ်အိမ်ပေါ်သို့ ဒရုန်းဗုံးကျရောက်ပေါက်သဖြင့် ဒေါ်ခွားမိ အသက် (၆၀) နှစ်အား ဗုံးထိမှန်သေဆုံးခဲ့ကြောင်း၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘယ်လက်နက်ကိုင်အဖွဲ့လက်ချက်လဲ မပြောနိုင်ပါဘူး၊ စစ်တပ်မှာလည်း ဒရုန်းနဲ့ တော်လှန်ရေးအဖွဲ့တွေမှာလည်း ဒရုန်းနဲ့ဘဲ၊ သွပ်ခေါင်မိုးပေါ်ဖောက်ပြီး ဗုံးကျလာတယ်၊ ဝမ်းဗိုက်မှာ ဗုံးစထိမှန်ပြီး အူတွေထွက်လာတယ် ဒဏ်ရာအတော်ပြင်းထန်တယ် မော်လမြိုင်ဆေးရုံပို့ဆောင်ကုသရင်း သေဆုံးခဲ့ပါတယ်” ဟု ၄င်းဒေသခံက ဆိုသည်။
အလောင်းကို ကော့ဘိန်းကျေးရွာသို့ သယ်ဆောင်လာပြီး ယမန်နေ့ မွန်းလွဲပိုင်းက သင်္ဂြိုဟ်ခဲ့သည်ဟု ရွာသားများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် မွန်၊ ကရင်၊ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကော့ဘိန်းကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဂျိုင်းမြစ်ကမ်းတလျှောက်တွင် စစ်ကောင်စီက ကြည်းရေလေပူးပေါင်းစစ်ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သော တစ်လအကြာ တိုက်ပွဲဖြစ်စဥ်အတွင်း လူငယ်၊ အမျိုးသမီးနှင့် ဘုန်းကြီးအပါအဝင် ဒေသခံ ၃၀ ဦးထက်မနည်း လက်နက်ထိမှန်သေဆုံးခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။