ရခိုင်၊ ကချင် နှင့် ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့်တက်နေသဖြင့် လူသားချင်းစာနမှုဆိုင်ရာ လိုအပ်ချက် ပိုမိုကြီးမားလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်း ပဋိပက္ခများဆက်လက်ဖြစ်ပွးနေခြင်းကြောင့် အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတိုးမြင့်နေကြောင်း၊ မြေမြှုပ်မိုင်းများပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ်သည့် စစ်လက်နက် အကြွင်းအကျန်များအပြင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ ရှိရင်းစွဲအခြေအနေကထက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုဆိုးရွားစေကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံး လူဦးရေသုံးသန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်ကြောင်း၊ ခန့်မှန်းထားပြီး ထပ်မံနေရပ်စွန့်ခွာနေသူများအနေဖြင့် မုတ်သုံရာသီ၏ ပြင်းထန်သော ရာသီဥတုဒဏ်ကို ရင်ဆိုင်လျက် နေထိုင်နေရကေကာင်းလည်း UNOCHA Myanmar က ဆိုထားသည်။
မကြာသေးမီက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာအဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် သိမ်းပိုက်ခံရမှုများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံများအပေါ် အန္တရာယ်ကျရောက်နေကြောင်းလည်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ရခိုင်ပြည်နယ်တွင် မကြာသေးမီလပိုင်းအတွင်း တိုက်ပွဲများပြင်းထန်လာသည့်နှင့်အမျှ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး စစ်တွေမြို့ အနီးအနားနေရာများတွင် အသစ်စိုက်မိုင်း၊ အဓမ္မနှင်ထုတ်မှုနှင့် အစုလိုက်ဖမ်းဆီးမှု အစရှိသော သတင်းများနှင့်အတူ အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်စရာများလည်း တိုးမြင့်လာနေကြောင်း UNOCHA Myanmar က ဆိုသည်။
ကချင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင်လည်း တိုက်ပွဲများပြင်းထန်လာပြီး မြစ်ကြီးနားမြို့နှင့် (၆) မိုင်ခန့်အကွာအထိ တိုက်ပွဲများ နီးကပ်လာနေကြောင်း နှင့် ဒေသခံအများအပြားနေရပ်စွန့်ခွာမှုများရှိနေကြောင်းလည်း UNOCHA Myanmar က ဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲအကြား ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြယ်သွားခဲ့ပြီး ဇွန်လနောက်ဆုံးပတ်အတွင်း မြို့နယ်အများအပြား၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်းလည်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
(၂၀၂၄) ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် ခြောက်လတိုင်ခဲ့သည့်တိုင် ရန်ပုံငွေရရှိမှုအလွန်နည်းပါးနေပြီး (၁၂) ရာခိုင်နှုန်းခန့်သာရရှိသေးကြောင်း နှင့် မြန်မာနိုင်ငံရှိ ထိခိုက်ခံစားခဲ့ရသူများကို ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေများ ထပ်မံလိုအပ်လျက်ရှိကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။