ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံလေးဦး သတ်ဖြတ်ခံရသည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (Democracy Movement Strike Committee-Dawei) မှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ရေဖြူမြို့နယ် ခေါင်ပြန်ရွာသား ဦးကျော်စိန်(အသက် ၆၀ ကျော်)၊ ဦးအောင်ဇော်ဝင်း( ၄၅ နှစ်)၊ ဦးသားသား(ခ)ဦးလိုင်းယား(၅၅ နှစ်)၊ ဦးနိုင်နိုင် (၄၁ နှစ်) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခေါင်ပြန်ရွာသားတစ်ဦးက “စစ်ကောင်စီတပ်က ခေါင်ပြန်ကျေးရွာကို ဖြတ်ပြီးတော့ စစ်ကြောင်း ထိုးလာတယ်။ ဇူလိုင် ၁ ရက်နေ့မှာ ရွာသား ၈ ဦးကို ဖမ်းဆီးသွားတယ်။ ဇူလိုင် ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ချောင်းထဲမှာ အလောင်း လေးလောင်းကို ရွာခံတွေက ပြန်တွေ့တယ်”ဟု ဆိုသည်။
ပြန်တွေ့ခဲ့သော ရုပ်အလောင်းများတွင် လက်ပြန်ကြိုးတုပ်ခံထားရပြီး ဓားဖြင့်ထိုးသွင်းဒဏ်ရာ အများအပြားကိုလည်း တွေ့ရသည်ဟု ၄င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၁) ရက်နေ့က ခေါင်ပြန်ရွာသား ၈ ဦးတို့ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့ကို သတင်းအစအန မရသေးသဖြင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း ကာယကံရှင်၏ ဆွေမျိုးများက ပြောသည်။
စကခ (၈) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့သည် ရေဖြူမြို့မှ ဘဝါရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ ကံပေါက်ဒေသ ဇာဒီရွာမှ ထွက်ဝရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း ထိုးလာပြီး ဇူလိုင် (၂) ရက်နေ့ ညနေပိုင်းက ထွက်ဝရွာနှင့် ဘဝါရွာတွင် အဆိုပါစစ်ကြောင်းနှစ်ကြောင်း ပေါင်းဆုံလာခဲ့ရာ ရွာသားအားလုံး ထွက်ပြေးခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။