အကြွေးကျန်ရစ်နေသည့်မီတာယူနစ်များအား လာမည့်လတွင် နှုန်းထားအသစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည့်အတွက် လက်ရှိမီတာယူနစ်အကြွေးကျန်သူများ အနေဖြင့် ယခုလနောက်ဆုံးပေးသွင်းသင့်ကြောင်း ပြည်နယ်လျှပ်စစ်ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အကြောင်းအမျိုးမျိုးကြောင့် မီတာယူနစ်အကြွေးရန်ရစ်သူတွေအနေနဲ့ ဒီနေ့ (ဇူလိုင်လ (၄) ရက်) ကလို့ ရုံးကိုလာပြီး မိမိတို့အသုံးပြုထားတဲ့ မီတာယူနစ်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ကြဖို့လိုအပ်ပါမယ်။ ပြီးရင်တော့ ကြွေးကျန်ရစ်တဲ့ မီတာယူနစ်အတွက် မီတာခပေးဆောင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခု ဇူလိုင်မှစတင်ကာ မီတာ (၁) ယူနစ်မှ (၅၀၀၀) ယူနစ်အထိ (၂၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ မီတာ (၅၀၀၁) ယူနစ်မှ (၂၀၀၀၀) ယူနစ်အထိ (၄၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ မီတာယူနစ် (၂၀၀၀၁) နှင့်အထက်အား (၅၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံသွားမည်ဟု အတည်မပြုနိုင်သေးသည့် ကောလာဟာလ သတင်းများက ထွက်ပေါ်နေသည်။
အထွေထွေကုန်ကျစရိတ်ကြီးမြင့်နေသည့်ကာလအတွင်း လျှပ်စစ်မီတာခများကိုလည်း တစ်လုံးတစ်ခဲတည်းပေးသွင်းရမည့်အခြေအနေကြောင့် ပြည်သူများအနေဖြင့် ပိုမိုကြပ်တည်းလာကြကြောင်း၊ တတ်နိုင်သူများအနေဖြင့် မီတာယူနစ်ကြွေးကျန်များအတွက် ငွေတစ်လုံးတစ်ခဲတည်း ပေးချေနိုင်ကြသော်လည်း သာမန်ပြည်သူများအနေဖြင့် လစဉ်ယူနစ်အပိုပေါင်းပြီး ပေးသွင်းသူများရှိကြကြောင်း၊ မီတာခလုံးဝမသွင်းနိုင်၍ မီတာပုံးဖြုတ်သိမ်းခံခဲ့ရသူများလည်း ရှိကြောင်း သိရသည်။