ကောင်းဝါ ဇွန် ၂၃၊ ၂၀၂၃။
KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ လက်အောက်ခံပူးပေါင်းစစ်ကြောင်းများနှင့် မြန်မာစစ်တပ်တို့အကြား ပြီးခဲ့သည့် မေလအတွင်းက တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၁) ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ယနေ့ရက်စွဲဖြင့် KNU ဗဟိုမှ သတင်းထုတ်ပြန်ခဲ့သည်။
ထိုတိုက်ပွဲများတွင် KNU ဘက်မှ (၅) ဦး ဒဏ်ရာရခဲ့ပြီး (၁) ဦး သေဆုံးသော်လည်း မြန်မာတပ်ဖွဲ့များဘက်မှ (၄၆) ဦး သေဆုံးပြီး (၄၀) ဦး ဒဏ်ရာရကာ (၃) ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့အပြင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်၊ လက်နက်ကြီးများဖြင့် (၁၀၂) ကြိမ် ပစ်ခတ်မှုကြောင့် ဒူးပလာယာခရိုင်အတွင်း (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ရွာသား (၁၇) ဦး ဒဏ်ရာရခဲ့ပြီး (၃) ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
၎င်းအပြင် ခရစ်ယာန် ဘုရားကျောင်း (၁) ကျောင်း၊ လူနေအိမ် ( ၂၂) လုံး ပျက်စီးကာ (၄) လုံးမှာ ပြန်လည်ပြုပြင်မရအောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့အပြင် ဒေသခံတို့၏ ကွမ်းသီးပင် (၅၀) ပင် နှင့် ရော်ဘာပင် (၁၃၂) ပင်၊ အိမ်စီးကား (၁) စီးလည်း ပျက်စီးခဲ့ကြောင်း KNU ဗဟို သတင်းထုတ်ပြန်ချက်အရ သိရသည်။