ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသ၌ ယခုသီတင်းပတ်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာသဖြင့် ရွာမှစွန့်ခွာနေရကြောင်း ဒေသခံရွာသားများထံမှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ တနသႅာရီတိုင်းဒေသကြီးရှိ အမှတ် (၈) ကားလမ်းမကြီး ရေး-ထားဝယ်အပိုင်း၊ ရေဖြူမြို့နယ်၏ အနောက်ဘက်ခြမ်း ပင်လယ်ပြင်အထိ စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ကြောင်းအပြင် မောရဝတီရေတပ်ကလည်း နယ်မြေစိုးမိုးမှုဆောင်ရွက်လာသောကြောင့် ထားဝယ်အထူး စီးပွားရေးဇုန်ဒေသရှိ ကျေးရွာ ၈ ရွာထက်မနည်း ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။
“မိဘတွေထွက်ပြေးတော့ ခလေးတွေလည်း အားလုံးပါသွားတယ်၊ ကျောင်းတက်မယ့် ခလေးတွေ မရှိတော့ပါဘူး၊ ဒါပေမယ့် အာဏာပိုင်တွေက ကျောင်းကို အတင်းဖွင့်ထားခိုင်းပါတယ်” ဟု ၄င်းက ဆိုသည်။
စကခ (၈) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့သည် ရေဖြူမြို့မှ ဘဝါရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ ကံပေါက်ဒေသ ဇာဒီရွာမှ ထွက်ဝရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း ထိုးလာပြီး ဇူလိုင် (၂) ရက်နေ့ ညနေပိုင်းက ရွာနီးချင်းဖြစ်သည့် ထွက်ဝရွာနှင့် ဘဝါရွာတွင် အဆိုပါစစ်ကြောင်းနှစ်ကြောင်း ပေါင်းဆုံလာခဲ့ရာ ရွာသားအားလုံး ထွက်ပြေးခဲ့ရကြောင်း ထွက်ဝရွာသားတစ်ဦးက ပြောသည်။
၄င်းက “စစ်သားတွေ ရွာထဲဝင်လာတော့ ရွာကလူတွေက လူငယ်လူရွယ်လူအိုတွေရော ယောကျ်ားမိန်းမ အကုန်ပြေး၊ ကလေးတွေလည်း တယောက်မကျန် မိဘတွေနဲ့အတူ အကုန်လုံး ထွက်ပြေးရတာပဲ” ဟု ဆိုသည်။
အလားတူ ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်ခန့်က ရေဖြူမြောက်ဘက်ခြမ်း ရာဖူးရွာအရှေ့ဖက်တွင် စစ်ကောင်စီစစ်ကြောင်းများထိုးလာသဖြင့် မွန်ပြည်တော်တော်လှန်ရေးတပ်ဖွဲ့ MSRF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းများသည် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာရှိ ရွာများထဲသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲခြင်းတို့ကြောင့် ရာနှင့်ချီသော မွန်စစ်ဘေးရှောင်များ ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိသွားကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံဖြိုးရေးစင်တာ Mon Relief and Development Center- MRDC မှ သိရသည်။
Photo- Social Media မှ ပုံအဟောင်းများဖြစ်ပါသည်။