ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံသော မြန်မာနိုင်ငံသားများအတွက် ထုတ်ပေးထားသည့် သက်သေခံကတ် ပြုလုပ်ပေးနေသည့် CI ရုံးများ လာမည့် ဇူလိုင်လ (၇) ရက်နေ့မှစတင်ကာ ပိတ်သိမ်းမည်ဟု ထိုင်းအစိုးရ က ကြေညာချက်ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မဟာချိုင် နှင့် စမူပရာကန်၊ ထိုင်းနိုင်ငံအရှ့ပိုင်းရှိ ချွန်ဘူရီ၊ ထိုင်းနိုင်ငံတောင်ပိုင်းရှိ စုရက်ဌာနီ နှင့် ဖူခတ် အစရှိသည့်မြို့များတွင် ဖွင့်လှစ်ထားဆဲဖြစ်သော သက်သေခံကတ် ပြုလုပ်ပေးနေသည့် စခန်း (၆) ခုအား လာမည့် ဇူလိုင်လ (၆) ရက်နေ့အထိသာဖွင့်လှစ်တော့မည်ဖြစ်ပြီး ဇူလိုင်လ (၇) ရက်နေ့မှစတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ဆိုထားသည်။
မဲဆောက်မြို့မှ မြန်မာရွေ့ပြောင်းအလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက “ထိုင်းအစိုးရအနေနဲ့က သက်သေခံကတ်ရှိတဲ့ အလုပ်သမားတွေကို PJ (Passport of Job) တိုက်ရိုက်လုပ်စေချင်နေတဲ့သဘောမှာရှိပါတယ်။ သက်သေခံကတ်ပြုလုပ်ထားသူတွေအနေနဲ့က PJ ပါဆက်လုပ်ရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်က နှစ်ခါဖြစ်နေတယ်။ PJ ပြုလုပ်ထားရင် သက်သေခံကတ်လုပ်စရာမလိုတော့လို့ နှစ်ခါကုန်မဖြစ်ကြတော့ဘူး။ အဲ့ဒီသဘောမျိုးလို့ ယူဆပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအများစုမှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား မပြည့်စုံသူများပြားသည့်အတွက်ကြောင့် PJ ပြုလုပ်ရာတွင် အခက်အခဲများစွာရှိလာနိုင်သည့်အပြင်၊ လက်ရှိအခြေအနေအရ ထိုင်းအစိုးရမှ သတ်မှတ်ပေးသည့် ကာလမှာလည်း အလွန်နည်းပါးသည့်အတွက်ကြောင့် အဆင်မပြေမှုများဖြစ်လာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
သက်သေခံကတ်ပြားထုတ်ပေးသည့် စခန်းများ ပိတ်သိမ်းလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် PJ (Passport of Job) ပြုလုပ်ရန်အတွက် နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြဝတီ နှင့် ကော့သောင်းမြို့များသို့ သွားရောက်ပြုလုပ်ရမည်အတွက်ကြောင့် အခက်အခဲများစွာကြုံတွေ့ကြရဦးမည်ဖြစ်ကြောင်း မြန်မာရွေ့ပြောင်းအလုပ်သမားများက ပြောသည်။