ထိုင်း-မြန်မာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရေးကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန် ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့တို့ ဘန်ကောက်မြို့တွင် လက်မှတ်ရေး ထိုးလိုက်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီရဲတပ်ဖွဲ့ ရဲချုပ်နှင့် ပြည်ထဲရေး ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် နှင့် ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီးတို့က ဇွန်လ (၂၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
အလားတူ ဇွန်လ ၂၈ ရက်နေ့တွင် တနသႅာရီတိုင်းဒေသကြီး မြိတ်မြို့ ပုလဲသန္တာဟိုတယ်၌ ကျင်းပခဲ့သော (၃၆) ကြိမ်မြောက် မြန်မာ – ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ခေါင်းဆောင်သော အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် ထိုင်းဘုရင့်တပ်မတော်က ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့သည် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။