ကောင်းဝါ ဇွန် ၂၃၊ ၂၀၂၃။
မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေခံပညာအထက်တန်းကျောင်းအနီးရှိ လုံခြုံရေးကင်းတဲတစ်ခုအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
အဆိုပါလုံခြုံရေးကင်းတဲ၌ ဇွန်လ (၂၂) ရက် မွန်းလွဲ (၃) နာရီဝန်းကျင်အချိန်ခန့်က မည်သူလာထောင်ထားမှန်းမသိရသော လက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက” ဘယ်သူက ဘယ်အချိန် လာထောင်ထားမှန်းမသိပါဘူး၊ ကင်းတဲက ကျောင်းရဲ့ တောင်ဘက် မီတာ (၁၀၀) ခန့်အကွာ ဗိုလ်ချုပ်လမ်းဘေးမှာပါ၊ မိုင်းကွဲတော့ ပြည်သူ့စစ်တစ်ယောက် အဲဒီမှာဆုံးသွားပြီးတော့ နောက်တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်” ဟု ပြောသည်။
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် ဦးမျိုးလွင်မှာ ဦးခေါင်းနောက်စေ့ ပေါင်ပြဲဒဏ်ရာ၊ ယာဒူးခေါင်းရိုးကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ အခြားပြည်သူစစ်တစ်ဦး ဦးတင်လှိုင်မှာလည်း ဘယ်ဘက်နားထင် အရေပြားပေါက်ပြဲနှင့် လက်ချောင်းများဒဏ်ရာရရှိခဲ့ပြီး မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လုံခြုံရေးကင်းတဲဝန်းကျင်တွင် မီးလောင်ထားသည့် ကြွပ်ကြွပ်အိတ်အမည်းရောင် အပိုင်းအစများတွေ့ရကြောင်း မြန်မာစစ်တပ်အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ကမာဝက်မြို့တွင် ခမရ ၂၀၉ တပ်ရင်းနှင့် ရဲစခန်းတစ်ခုတည်ရှိပြီး ပြည်သူ့စစ်အဖြစ်ဝင်ရောက်လုပ်ကိုင်သူအများစုမှာ ဒေသခံမွန်တိုင်းရင်းများမဟုတ်ကြဘဲ ရပ်ဝေးမှရွှေ့ပြောင်းဗမာအလုပ်သမားများ၏မိသားစုဝင်များနှင့် မြန်မာတပ်ဖွဲ့ စစ်မှုထမ်းဟောင်း လူအိုများသာဖြစ်ကြောင်း တွေ့ရသည်။