ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့်နီးစပ်သူများမှ မြေများခြိမ်းခြောက်ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) မြောက်ပိုင်းရှိ ကလွီကျေးရွာ နှင့် ဒရယ်ကျေးရွာကြား တွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရန်ဟုဆိုကာ လိုက်လံဝယ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၄င်းဒေသခံက “ကျောက်မီးသွေးစီမံကိန်းလုပ်မယ်ဆိုပြီး ဦးအောင်ကြည်သိန်းနဲ့ နီးစပ်သူတွေက မြေတွေလိုက်ဝယ်နေတယ်။ မရောင်းဘူးဆိုရင်လည်း သိမ်းမယ်ဘာညာနဲ့ ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်” ဟု ပြောသည်။
အဆိုပါ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းအား ကလွီကျေးရွာ နှင့် ဒရယ်ကျေးရွာ ကျေးရွာချင်းဆက်လမ်း၏မြောက်ဘက် ဒရယ်မြစ်ကမ်းဘေးတည်ဆောက်ရန် အတွက် ဓနိတောဧက (၅၀) ခန့်အား ဝယ်ယူထားပြီးဖြစ်သည်ကြောင်း ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန်အတွက် မြေနေရာရွေးချယ်ခြင်းအား ဦးအောင်ကြည်သိန်း၏ တပည့်များဖြစ်သော ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်း၊ ချောင်းဆုံမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌနှင့် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဝင်း၊ ချောင်းဆုံမြို့နယ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ ဖြိုးမင်းထွန်း (ခ) ငဖြိုး တို့က ဦးဆောင်လုပ်ကိုင်ပေးနေကြောင်း ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတစ်ဦး က ပြော သည်။
“ဦးအောင်ကြည်သိန်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတစ်ခုပေါင်းပြီးတော့ ကျောက်မီးသွေားသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ ပြည်ထောင်စုကို တင်ထားတာ၊ ခွင့်ပြုချက်ကျပြီးလို့ သိရတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သူ (ဦးအောင်ကြည်သိန်း) နဲ့ ပတ်သက်သူတွေက မြေတွေလိုက်ဝယ်နေတာမျိုးဖြစ်မယ်” ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး နှင့် အဖွဲ့မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောက်ကြည်သိန်း နှင့် တွေ့ဆုံခဲ့ရာတွင်းလည်း ထို ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း ဦးအောင်ကြည်သိန်း အသုံးပြုနေသည့် ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားထားချက်အရ သိရသည်။
အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအပြင် ဘီလူးကျွန်းပတ်ဝန်းကျင်ရှိ မော်လမြိုင်မြို့ နှင့် ပေါင်မြို့နယ်များပါ ထိခိုက်မှုများရှိလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတစ်ဦးက ဆိုသည်။
“ကျောက်မီးသွေးကို သေသေချာချာစနစ်တကျ အသုံးမပြုနိုင်ဘူးဆိုရင် ရေထု၊ မြေထု၊ လေထု တွေ ညစ်ညမ်းမှုတွေရှိလာနိုင်တယ်။ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်ဆီးမှုတွေရှိလာနိုင်သလို၊ လူတွေမှာလည်း ရောဂါဘယတွေထူပျောလာနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းပြုလုပ်မည်ဆိုသည့် နေရာမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောက်ကြည်သိန်း ၏ ဇာတိရွာဖြစ်သည့် ကွမ်ရိုက်ကျေးရွာ သို့ ကားဖြင့်သွားပါက နာရီဝက်ခန့်သာကြာမြင့်ကြောင်း ဒေသခံများက ဆိုကြသည်။
“ကျောက်မီးသွေးက သဘာဝပတ်ဝန်းကျင်အတွက် အရမ်းအန္တရာယ်များတယ်။ အဲ့ဒီစက်ရုံကိ ကျနော်တို့ ဘီလူးကျွန်းမှာလာဆောက်မယ်ဆိုတော့ ဦးအောက်ကြည်သိန်းက သူ့မိသားစုအကျိုးစီးပွားအတွက် ဇာတိမြေကို ချနိုင်းလိုက်တာဘဲ လို့မြင်ပါတယ်” ဟု ဘီလူးကျွန်း ဒေသခံတစ်ဦးက ပြောကြားသည်။
တရုတ်၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ ကုမ္ပဏီအမျိုးမျိုးမှ ခေတ်အဆက်ဆက် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) သို့ကွင်းဆင်းကာ ဆာဗေးအမျိုးမျိုးပြုလုပ်ခဲ့ကြကြောင်း နှင့် ယခု ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အးပေးစီမံကိန်းမှာ မည်သည့်အစိုးရလက်ထက်က သဘောတူ ခွင့်ပြုချက် ရယူထားသည့် စီမံကိန်းဖြစ်ကြောင်း ကို မသိကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။